ငါးဆူတောင် ဆေးဝါးထုတ်လုပ်ရေး ဇုန်


06 December, 2020

 လှည်းကူးမြို့တွင် တည်ဆောက်မည့် ငါးဆူတောင်ဆေးဝါးထုတ်လုပ်ရေးဇုန်အား လုပ်ငန်းစတင်ချိန်မှ နှစ်နှစ်အတွင်း လုပ်ငန်းများပြီးစီးရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။

            စက်မှုဝန်ကြီးဌာနပိုင်မြေနေရာဖြစ်သည့်ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ငါးဆူတောင်တွင်ပုဂ္ဂလိက နှင့် အကျိုးတူပူးပေါင်း၍ ဆေးဝါးထုတ်လုပ်မှုထိပ်တန်းကုမ္ပဏီကြီးမျာဖြစ်သော အမေရိကန်၊စပိန်နှင့် ဂျပန်နိုင်ငံတို့မှ ဆေးဝါးကုမ္ပဏီများ၏ ဆေးဝါးစက်ရုံများပါဝင်သည့် ဆေးဝါးထုတ်လုပ်ရေးဇုန်တည်ထောင်ရန် စီစဉ်နေကြောင်းသိရသည်။

           မြန်မာ့ဆေးဝါးလုပ်ငန်းအနေနှင့် ပြည်တွင်းတွင် ထုတ်လုပ်နိုင်မှုမရှိသေးသည့် ဆေးဝါးသစ်များကို နှစ်စဉ်သုတေသနပြုတိုးချဲ့ထုတ်လုပ်နေကြောင်းသိရသည်။ယခုလက်ရှိကင်ဆာရောဂါကုဆေးဗိုင်းရပ်စ်သတ်ဆေးရောဂါကာကွယ်ဆေးများကို အမေရိကန်နှင့် စပိန်နိုင်ငံတို့ကကျော်ကြားသည့်ဆေးကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းပြီးတိုးချဲ့လုပ်ကိုင်ဖို့ရှိကြောင်းသိရသည်။ထို့အပြင်ဘီပီအိုင်ဆေးဝါးထုတ်လုပ်မှုကို မကြာမီတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ GMP Pre-qualified လက်ခံရရှိသည်အထိလုပ်ဖို့စီစဉ်ထားကြောင်း သိရသည်။

             ငါးဆူတောင်ဆေးဝါးထုတ်လုပ်ရေးဇုန်အားလုပ်ငန်းစတင်ချိန်မှ နှစ်နှစ်အတွင်းလုပ်ငန်းပြီးစီးရန်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါဆေးဝါးစက်မှုဇုန်ပြီးစီးပါက ပြည်တွင်းလိုအပ်ချက်၏ ၅ဝ% အထိ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင်လက်ရှိပြည်တွင်း၊ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ပုဂ္ဂလိကပိုင်ခေတ်မီဆေးဝါးစက်ရုံများတည်ထောင်လျက်ရှိပြီး ငါးဆူတောင်ဆေးဝါးစက်မှုဇုန်ပြီးစီးချိန်တွင် ပြည်တွင်းရှိ အခြားသောဆေးဝါးစက်ရုံများလည်း တည်ထောင်ပြီးစီးနိုင်မည်ဖြစ်သဖြင့် ထုတ်လုပ်မည့် ဆေးဝါးများကို ပြည်ပသို့တင်ပို့ရန်အထိ ရည်ရွယ်ထားကြောင်းလည်း သိရသည်။

            နှစ်စဉ်တန်ဖိုးအမေရိကန်ဒေါ်လာသန်း ၅ဝဝ ခန့်အထိ ဆေးဝါးနှင့် ဆေးပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရပြီး ပြည်တွင်းဆေးဝါးထုတ်လုပ်မှုမှာ လိုအပ်ချက်၏ ၂ဝ% ခန့်သာရှိကြောင်း၊မြန်မာနိုင်ငံတွင်ယခင်က နိုင်ငံပိုင်  BPI ဆေးဝါးစက်ရုံတစ်ခုတည်းသာရှိခဲ့ပြီး နောက်ပိုင်းတွင် ပြင်ဦးလွင်ဆေးဝါးစက်ရုံ၊ကျောက်ဆည်ဆေးဝါးစက်ရုံတို့ကိုထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်းတပ်မတော်မှလည်း မှော်ဘီဆေးဝါးစက်ရုံကိုတည်ဆောက်ခဲ့ကြောင်း နှင့် ၂ဝ၁၁ ခုနှစ်တွင် ပြည်တွင်းဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများကို အစိုးရပုဂ္ဂလိက ဆေးဝါးထုတ်လုပ်သော စက်ရုံများကို အားပေးနိုင်ရန် မူဝါဒ ချမှတ်ခဲ့ရာ ပထမဆုံးပုဂ္ဂလိက ဆေးဝါးစက်ရုံအဖြစ်ဒဂုံအရှေ့ဆိပ်ကမ်းမြို့နယ်ရှိ AA ဆေးကုမ္ပဏီပိုင်စက်ရုံ၊ဒုတိယမြောက်စက်ရုံအဖြစ် ရွှေပေါက်ကံ စက်မှုဇုန်ရှိ Silver Shine International ကုမ္ပဏီပိုင်စက်ရုံတို့ဖြစ်ကြောင်းသိရသည်။

Region Factory and Industrial Plant Read 45 times