လမ်းသစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း

27 December, 2020

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် JFE Corporation တို့ Joint Venture ကုမ္ပဏီအဖြစ် တည်ဆောက်ထားသော J & M Steel Solution စက်ရုံသို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ကုမ္ပဏီ MD ၊ ဒါရိုက်တာများနှင့် Board of Director (BOD) အစည်းအဝေး ပြုလုပ်သည်။ 

အစည်းအဝေးတွင် ကုမ္ပဏီ၏ ဉီးဆောင်ညွှန်ကြားရေးမှူး Mr. Akeno Wataru က စက်ရုံစီမံခန့်ခွဲနေမှု၊ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် အရှုံးအမြတ်စာရင်း၊ (၂၀၂၀-၂၀၂၁) ခုနှစ် သံမဏိ သံပေါင်များ ထုတ်လုပ်တင်ပို့ရောင်းချမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက သံပေါင်ထုတ်လုပ်မှု ဒီဇိုင်းများနှင့် ပတ်သက်၍ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ပေးကာ ယခုအခါ ဒေသ တွင်းနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သော်လည်း နောင်တွင် ဒေသတွင်းနိုင်ငံများ သာမက အခြားအာရှနိုင်ငံများသို့ပါ တင်ပို့ရောင်းချနိုင်ရေး ကြိုးစား ဆောင်ရွက်သွားရန် မှာကြားပြီး စက်ရုံအတွင်း အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်း(Mumbai) တံတားအတွက် သံမဏိသံပေါင်များ ထုတ်လုပ်နေမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျမူနာ (Jamuna) တံတားအတွက် သံမဏိ သံပေါင်များ ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါစက်ရုံမှ သံမဏိသံပေါင်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပုဂ္ဂလိကများနှင့် ပြည်ပနိုင်ငံများသို့ ရောင်းချ လျက်ရှိရာ (၂၀၁၉) ခုနှစ်တွင် (၂၈၄၈၉) တန် တင်ပို့ရောင်းချနိုင်ခဲ့ပြီး (၂၀၂၁) နှင့် (၂၀၂၂) ခုနှစ် များတွင် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံများသို့ တန် (၁) သောင်းကျော် တင်ပို့ရောင်းချ ရန်နှင့် ပြည်တွင်းရှိ ဂျိုင်း (ဇာသပြင်)၊ ဂျိုင်း (အတ္တရံ)၊ ဂျိုင်း(ကော့ကရိတ်) တံတားများ၊ JICA ချေးငွေဖြင့် တည်ဆောက်မည့် တံတားများအတွက်လည်း အမှာစာများ လက်ခံရရှိထား ကြောင်းသိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့၊ လမ်းမတော် မြို့နယ်ရှိ လမ်းသစ် အိမ်ရာစခန်းပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းအား သွားရောက် ကြည့်ရှုစစ် ဆေးကြရာ စေပိုင်ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက စီမံကိန်းလုပ်ငန်းလျာထားချက်နှင့် ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက စီမံကိန်းပြီးစီးသွားပါက ယခင်နေထိုင်သူများ ပြန်လည်နေရာချထားမည့် အစီအစဉ်နှင့် အိမ်ရာစီမံခန့်ခွဲရန် အစီအစဉ်များကို မှာကြားပြီး အိမ်ရာပြီးစီးမှုကို ရှင်းလင်းဆောင်မှ ကြည့်ရှုစစ်ဆေးသည်။ 

လမ်းသစ်အိမ်ရာစခန်းသည် (၁၉၅၇) ခုနှစ်၊ ပါလီမန်ဒီမိုကရေစီခေတ်တွင် တိုက် (၁၁) လုံး အခန်းပေါင်း (၂၆၄) ခန်း တည်ဆောက်ခဲ့ပြီး လမ်းသစ်ရိပ်သာဟု အမည်ပေးခဲ့ခြင်းဖြစ်ရာ ယခုအခါ တိုက်ခန်းများအခြေအနေမှာ နှစ် (၆၀) ကျော် ကြာမြင့်ပြီဖြစ်၍ လူနေထိုင်ရန် မသင့်တော်တော့သဖြင့် အိမ်ရာစခန်း ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင်  စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၂ ရက်တွင် အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း။

 စီမံကိန်းအကျယ်မှာ (၄ ဒသမ ၇၁၇) ဧကရှိပြီး ပါဝင်သောအဆောက်အဉီများမှာ (၁) လွှာလျင် (၁၈) ခန်းပါ (၂၅) ထပ် တာဝါ (၁) လုံး၊ (၆) ထပ်တိုက် Shop House (၂၈) လုံး၊ ရေကူးကန်၊ အားကစားခန်း၊ ကလေးကစားကွင်း၊ အထွေထွေသုံးအခန်းနှင့် ဓမ္မာရုံတို့ပါဝင်ပြီး Bus Interchange ၊ Taxi Stand ၊ Hawker Center နှင့် ကား (၈၁၇) စီးဆန့် ကား Parking ပါရှိမည်ဖြစ်သည်။

ယခုအခါ Shop House (၂၂) လုံးမှာ (၉၅) ရာခိုင်နှုန်း နှင့် (၁၈) ခန်းပါ (၂၅) ထပ် တာဝါ (A) မှာ (၂၅ ဒသမ ၈) ရာခိုင်နှုန်း ပြီးစီးနေကြောင်း သိရှိရပြီး မူလနေထိုင်သူများကို တည်ဆောက်ရေးကာလအတွင်း ယာယီပြောင်းရွှေ့နေထိုင်ရန် ထောက်ပံ့ကြေးများ စီစဉ် ပေးထားကြောင်း သိရသည်။ 

သတင်းစဉ် (MDN)

Local Read 638 times