ရန်ကုန်မြို့သစ်သည် ချေးငွေနှင့် ဝန်ပိစေမည့် စီမံကိန်း မဟုတ်ဟု ဆို


13 December, 2019

တရုတ် လက်အောက်သို့ ရောက်ရှိသွားမည့် စီမံကိန်းဟု ဝေဖန်မှုများ ရှိနေသည့် ရန်ကုန်မြို့သစ် စီမံကိန်းသည် ချေးငွေ များနှင့် အများပြည်သူကို ဝန်ပိစေမည့် စီမံကိန်းမျိုး မဟုတ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

 

အဆိုပါ စီမံကိန်းကို ပြည်ပ ချေးငွေ အများအပြားယူပြီး အကောင်အထည်ဖော်မည့် စီမံကိန်းမျိုး မဟုတ်ဘဲ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူက ယင်းစီမံကိန်းကို အကောင်အထည်ဖော်မည့် စီမံကိန်းမျိုး ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

 

မေလ ၂၉ ရက်က ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံးတွင် ကျင်းပသော ရန်ကုန်တိုင်းအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုရှိနေသည့် အခြေအနေများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်က ပြောကြားခြင်းဖြစ်သည်။

 

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက“တချို့ထင်နေသလို ပိုက်ဆံတွေ ချေးပြီးတော့ ကျနော်တို့ ဒီစီမံကိန်းကို တည်ဆောက်မှာ မဟုတ်ပါဘူး။ ကျနော်တို့ လုပ်ချင်တဲ့ပုံစံက နိုင်ငံတကာကနေ ငွေထုပ်နဲ့ လာပြီးတော့ ကျနော်တို့ကို တည်ဆောက်ပေးတဲ့ အခြေအနေမျိုးပါ။ အဲဒီလို တည်ဆောက်လိုက်ရင် မြို့ပြရဲ့ မြေတန်ဖိုးက ပြောင်းလဲသွားမယ်။ အဲဒီမြေတန်ဖိုးပေါ်ကနေ သူ့ ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ပြန်ယူမယ့်ပုံစံပါ”ဟု ပြောဆိုသည်။
 
၎င်းက ဆက်လက်ပြီး“ ကျနော်တို့အတွက် အကျိုးရှိမှုက တအားကျပ်နေတဲ့ ရန်ကုန်မြို့ အခြေအနေမျိုးကို ဖြည်လျှော့နိုင်မယ်။ အဲ့ဒီက ပြန်ရမယ့် အကျိုးအမြတ်က ရန်ကုန်မြို့ဟောင်းမှာ ဖွံ့ဖြိုးဖို့ လိုအပ်နေသေးတဲ့ နေရာမှာ ပြန်သုံးနိုင်မယ်”ဟု လည်း ပြောဆိုသည်။
 
ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်မည့် တိုင်းအစိုးရပိုင် ရန်ကုန်မြို့သစ်တည်ဆောက်ရေး ကုမ္ပဏီ( NYDC) သည် မြို့သစ်စီမံကိန်းကို China Communications Construction Company (CCCC) က အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ကြေညာထားသည်။
 
NYDC နှင့် CCCC ကုမ္ပဏီတို့ သဘောတူညီမှု အရ NYDC က မြေပေးပြီး CCCC က တံတားများ၊ လမ်းများ၊ ဓာတ်အားပေးစက်ရုံများနှင့် ရေပြုပြင်ထိန်းသိမ်းရေး စက်ရုံအပါအဝင် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးကို ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။
 
ရန်ကုန်မြို့သစ်စီမံကိန်း၏ အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက NYDC အနေဖြင့် ငွေတပြားမှ ထည့်ဝင်ခြင်း မပြုဘဲ ရင်းနှီးမြှုပ်နှံမှု၏ ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည် ဖြစ်ပြီး ယင်းကြောင့် NYDC အနေဖြင့် စီမံကိန်း တခုလုံး၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ၁၀ ရာခိုင်နှုန်းသာရှိသော မြေနေရာကို ပေးလိုက်ပြီး CCCC ကုမ္ပဏီက ၉၀ ရာခိုင်နှုန်း အထိ ရင်းနှီးမြှုပ်နှံမည့်သဘော ဖြစ်ကြောင်း ထုတ်ဖော် ပြောထားသည်။

 

ဖက်စပ်သဘောတူညီချက်အရ NYDC က ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည်ဟု ဆိုသော်လည်း ဝင်ငွေရမည့် အခြေခံအဆောက်အအုံ လုပ်ငန်းသုံးခုမှ ဝင်ငွေ ၉၅ ရာခိုင်နှုန်းကို NYDC က CCCC ကို ပေးပြီး NYDC က ၅ ရာခိုင်နှုန်းသာ ရရှိမည် ဖြစ်ကြောင်း သိရသည်။

 

ယင်းမှာ ရင်းနှီးမြှုပ်နှံသည့် CCCC ကုမ္ပဏီ အတွက် အရင်းကျေပြီး အမြတ်ရရှိမည့် အချိန်အထိခွင့်ပြုမည်ဖြစ်ကာ ထို ကာလပြီးမှ NYDC ကုမ္ပဏီ ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ရရှိမည် ဖြစ်သည်ဟု ဆိုသည်။
 
စီးပွားရေး ပညာရှင်ဦးလှမောင်က“ဒီလို စီမံကိန်းမျိုး လုပ်ဖို့လိုအပ်တယ် ဆိုတာသဘောတူပါတယ်။ ဒါပေမယ့် အရင်းကျေကာလက အရမ်းရှည်နေမယ်ဆိုရင်တော့ မကောင်းဘူးလေ။ အရင်းကျေ ကာလ ဆိုတာက သက်တမ်းတိုမှ ကောင်းမယ်။ ပြီးတော့ ဘာတွေ ဘယ်လိုလုပ်နေလဲဆိုတာ EIA (သဘာဝပတ်ဝန်းကျင် သက်ရောက်မှုဆိုင်ရာ ဆန်းစစ်လေ့လာချက်) တို့၊ တင်ဒါ ကိစ္စတို့ ပြီးတော့ စီမံကိန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အကုန်လုံး ပွင့်လင်းမြင်သာမှု ရှိရှိချပြဖို့ လိုတယ်”ဟု ဧရာဝတီသို့ ပြောသည်။
 
ရန်ကုန်မြို့သစ်စီမံကိန်း ပထမ အဆင့် တည်ဆောက်ရေးတွင် ကျေးရွာ ၅ ရွာ၊ တံတား ၂ စင်း၊ ၁၆ မိုင်ကျော် အရှည်ရှိ ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်း ကီလိုမီတာ (ဧက ၂၅၀၀ခန့်) ရှိ စက်မှုဇုန်၊ ဓာတ်အားပေး စက်ရုံ၊ ကုန်ထုတ်လုပ်မှု နှင့် ဖြန့်ဖြူးရေး အဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများ ပါဝင်မည် ဖြစ်ကြောင်း NYDC က သိရသည်။
 
ဦးဖြိုးမင်းသိန်းက“ဒီစီမံကိန်းနဲ့ ပတ်သက်ပြီးကျနော် နိုင်ငံတကာက ကုမ္ပဏီတွေကို ဖိတ်ခေါ်ထားပါတယ်။ နိုင်ငံတနိုင်ငံ ကိုပဲ မှီခိုပြီး ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နေတာမဟုတ်ပါဘူး။ တရုတ်နိုင်ငံနဲ့ မြန်မာက နိုင်ငံချင်းထိစပ်နေတာရော နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းတွေ ရှိတာကြောင့် တရုတ်နိုင်ငံက ရန်ကုန်မြို့သစ်စီမံကိန်းရဲ့အခြေခံ အဆာက်အအုံတည်ဆောက်ရေးပိုင်းကို ပို စိတ်ဝင်စားတာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
 
NYDC Challenge တင်ဒါ လုပ်ငန်းစဉ်အရ အခြားကုမ္ပဏီမှ ပိုမိုကောင်းသည့် ကမ်းလှမ်းချက်များနှင့် ယှဉ်ပြိုင် စိန်ခေါ် လာပါက CCCC အနေဖြင့် ဒုတိယ ကုမ္ပဏီမှ အဆိုပြုသည့် ကမ်းလှမ်းချက်များ အတိုင်း ပြန်လည် ယှဉ်ပြိုင်ခွင့် ရှိသည်။

 

အကယ်၍ CCCC မှ ပြန်လည် မယှဉ်ပြိုင်လိုပါက ဒုတိယ ကုမ္ပဏီသည် လုပ်ပိုင်ခွင့်ကို ရရှိမည် ဖြစ်ကြောင်း NYDC ထံမှ သိရသည်။

Mixed Use and Urban Read 35 times