စက်မှုဇုန်များဖော်ဆောင်အုံးမည့် ဒဂုံဆိပ်ကမ်းနှင့်ဒဂုံအရှေ့ဆက်စပ်နယ်မြေရှိမြေဧကများ


16 August, 2019

ဒဂုံဆိပ်ကမ်းနှင့်ဒဂုံအရှေ့ဆက်စပ်နယ်မြေရှိမြေဧက ၉၀၀၀ ကျော်တွင်စက်မှုဇုန်ဖော်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တွဲဖက်အတွင်းရေးမှူးဦးသန်းကပြောသည်။ 

“ဒဂုံဆိပ်ကမ်းနဲ့ဒဂုံအရှေ့ဆက်စပ်နယ်မြေမှာယခင်ကစိုက်ပျိုးရေးအထူးဇုန်ကြီးတွေလုပ်ထားတဲ့ဧက ၉၀၀၀ ကျော်ရှိတယ်။ အဲ့ဒီမှာလည်းစက်မှုဇုန်ကြီးတွေ၊ residential zone ကြီးတွေခွဲခြားပြီးတော့မှ ပြန်လည်အကောင်အထည်ဖော်ဖို့လည်းစိုင်းပြင်နေပါတယ်” ဟုပြောသည်။

 အဆိုပါနေရာတွင် အစိုးရမှ ၈၀ ရာခိုင်နှုန်း၊ ကုမ္ပဏီများမှ ၂၀ ရာခိုင်နှုန်းဖြင့် လုပ်ဆောင်ရန်စီစဉ်ထား ကြောင်းသိရသည်။

ထို့ပြင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့်ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ပြင်ပ ၁၀ မြို့နယ်ဖြစ်သည့် ကွမ်းခြံကုန်းရှိ မြေဧက ၁၀၉၁ ဒသမ ၉၆ ဧက၊ ကော့မှူးရှိမြေဧက ၁၀၀၀၊ တွံတေးရှိမြေဧက ၈၅၀၊ သန်လျင်ရှိမြေဧက ၁၀၈၈၊ ကျောက်တန်းရှိမြေဧက ၁၀၅၁ ဒသမ ၃၆၊ ခရမ်းရှိမြေဧက ၁၀၀၀၊ သုံးခွရှိမြေဧက ၁၈၇၁၊ တိုက်ကြီးရှိမြေဧက ၁၀၀၀၊ မှော်ဘီရှိမြေဧက ၇၅၀၊ လှည်းကူးရှိမြေဧက ၁၀၀၀၊ ထန်းတပင်ရှိမြေဧက ၁၀၀၀ တို့တွင် စက်မှုဇုန်များအကောင်အထည်ဖော်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စည်ပင်နယ်နိမိတ်ပြင်ပတွင် အကောင်အထည်ဖော်မည့်စက်မှုဇုန်များထဲမှ ထန်းတပင်စက်မှုဥယျာဉ်မြို့တော်စီမံကိန်းကို  စီမံကိန်းပထမအဆင့်ကိုအမေရိကန်ဒေါ်လာသန်း ၁၁၀ အသုံးပြုမည်ဖြစ်ကာလှည်းကူးစက်မှုဥယျာဉ်မြို့တော်စီမံကိန်း ပထမအဆင့်ကို စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ၄၆ သန်းဖြင့်စတင်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်အတည်ပြုထားပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရှိ PPP Center ၏သဘောထားမှတ်ချက်နှင့်အတူပြည်ထောင်စုအဆင့်အစည်းအဝေးကိုဆက်လက် တင်ပြသွားရန် ဆောင်ရွက်နေကြောင်းသိရသည်။

ရင်းနှီးမြှုပ်နှံမှုအသစ်များဝင်ရောက်လာသည့်အတွက်စက်မှုဇုန်အသစ်များဖော်ဆောင်ရန်များစွာလိုအပ်မည်ဖြစ်ကြောင်းသိရသည်။

“နောက်ထပ်ရင်းနှီးမြှုပ်နှံမှုအသစ်တွေ့လာတဲ့အတွက်ကြောင့်ဇုန်အသစ်ကြီးတွေ အများကြီးအကောင်အထည်ဖော်ဖို့လိုအပ်တယ်။ အထူးသဖြင့်စက်မှုလက်မှုလုပ်ငန်းနှင့်ပတ်သက်သည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေက ဧကအနည်းဆုံးရာနှင့်ထောင်နှင့်ချီပြီး လိုချင်ကြတယ်။
ဒါကြောင့်အလားအလာကောင်းတွေလည်းအများကြီးရှိတယ်။ အောင်မြင်မှာလည်းဖြစ်တယ်” လို့ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောသည်။

Region Read 51 times