နေပြည်တော်စည်ပင်ပိုင် ဘိလပ်မြေစက်ရုံကို   မက်စ်(မြန်မာ)ကုမ္ပဏီသို့ နှစ်ရှည်ငှားရမ်း


22 September, 2021

 နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ဘိလပ်မြေစက်ရုံ(နေပြည်တော်) အား ပြည်တွင်း/ ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ နှစ်ရှည်ငှားရမ်းခြင်း (Leasing) ဆောင်ရွက်သွားရန်အစီအစဉ် အရ  ၎င်းဘိလပ်မြေ စက်ရုံကို မက်စ်(မြန်မာ) ကုမ္ပဏီအား နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့်ပြုလိုက်ပြီလို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ထုတ် ပြန်လိုက်ပါတယ်။ 
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဘိလပ်မြေစက်ရုံ(နေပြည်တော်)အား မက်စ် (မြန်မာ)ထုတ်လုပ်မှုကုမ္ပဏီလီမိတက်သို့ နှစ်ရှည်ငှားရမ်းဆောင်ရွက်ရန်အတွက် နှစ်ရှည် ငှားရမ်း ခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းကို  စက်တင်ဘာလ    ၂၁ ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေး ခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ 
နိုင်ငံတော်ရင်းနှီးမြှုပ်နှံမတည်ငွေများ မဆုံးရှုံးစေရန် နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရေရှည် တိုးချဲ့ထုတ်လုပ်ရန် နှစ်ရှည်ငှားရမ်းခြင်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါ ခေါ်ယူခဲ့ရာ မက်စ်(မြန်မာ)ထုတ်လုပ်မှုကုမ္ပဏီ လီမိတက်မှ တင်ဒါအောင်မြင် ခဲ့ခြင်း အ တွက်ယခုကဲ့သို့ နှစ်ရှည်ငှားရမ်းခြင်း သဘောတူစာချုပ် ချုပ်ဆိုရခြင်း ဖြစ်တယ်လို့ နေပြည် တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်က ပြောပါတယ်။ 
နှစ်ရှည်ငှားရမ်းခြင်း သဘောတူစာချုပ်ကို    နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်လုပ်ရေး ဌာနကြီးမှူး ဦးစိုးဟန်နှင့် မက်စ်(မြန်မာ) ထုတ်လုပ်မှုကုမ္ပဏီလီမိတက်မှ ဒုတိယဥက္ကဋ္ဌ၊ ဦးအုန်းကျော်တို့က နှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်။

ယခင်ကလည်း နေပြည်တော်စည်ပင်ပိုင် ဘိလပ်မြေစက်ရုံကို မက်စ်(မြန်မာ) ကုမ္ပဏီက တင်ဒါအောင်ခဲ့ဖူးပြီး ဘိလပ်မြေစက်ရုံ (နေပြည်တော်)အား နှစ်ရှည်ငှားရမ်းခြင်းအတွက် မက်စ်(မြန်မာ)နှင့် ဆွေးနွေးမှုဆိုင်ရာ သဘောတူညီချက် (Agreement of Discussion)(AoD) စာချုပ်လက်မှတ် ရေးထိုးခြင်းအခမ်းအနားကို ၂၀၂၀ပြည့်နှစ်  ဒီဇင်ဘာလ ၂၉ ရက်နေ့ နေပြည်တော်စည်ပင်သာ ယာရေး ကော်မတီ၊ အစည်းအဝေးခန်းမ၌ Video Conferencing (Online / Offline Hybrid )စနစ်ဖြင့် ကျင်းပခဲ့ပါတယ်။ 

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ ကော်မတီဝင်များ နှင့် တာဝန်ရှိသူများ၊ မက်စ်(မြန်မာ) ထုတ်လုပ်မှုကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဦးအုန်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ 

 ယခုလို ဘိလပ်မြေစက်ရုံ(နေပြည်တော်)အား ငှားရမ်းလုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် ဘိလပ်မြေစက်ရုံအား ဖွံ့ဖြိုး တိုးတက်အောင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးစေလိုကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ၊ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်က ပြေကြားခဲ့ပါတယ်။ 

မက်စ်(မြန်မာ)ထုတ်လုပ်မှု ကုမ္ပဏီလီမိတက်မှ ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်း နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဘိလပ်မြေစက်ရုံ (နေပြည်တော်)ကို ငှားရမ်း လုပ်ကိုင်ခွင့်ပြုသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် အကျိုးအမြတ်အား ပဓာနမထားဘဲ ကြိုးစား လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပေး ပြောကြားခဲ့ပါတယ်။ 

ဘိလပ်မြေစက်ရုံ(နေပြည်တော်)၏ စက်ရုံဆိုင်ရာအချက်အလက်များ

(က)    တည်နေရာ     - နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးရွာမှ (၈/၆)မိုင် အကွာ အောင်စည်လာကျေးရွာ၊ တောင်ဖီလာထုံးကျောက်တောင်အနီး မြေပုံညွန်း

(ခ )    မြေနေရာအကျယ်အဝန်း    -၂၇၆.၉၉ဧက

(ဂ )    စတင်တည်ဆောက်သည့်နေ့ရက်    -၁.၇.၂၀၀၈

(ဃ)    တည်ဆောက်ပြီးစီးသည့်နေ့ရက်    -၃၁.၁၀.၂၀၀၉

(င)    ထုတ်လုပ်မှုနည်းစဉ်    - အစိုနည်းစဉ်(Wet Process)

(စ)    စက်စွမ်းအား    - ဘိလပ်မြေ ၅၀၀ တန်/ နေ့

(ဆ)    စံချိန်စံညွှန်း    - EN 197-1 (2000) Strength Class 525 (52.5 N/mm2)

(ဇ)    သုံးစွဲသည့်လောင်စာ    - သဘာဝဓာတ်ငွေ့၊ကျောက်မီးသွေး

(ဈ)    စွမ်းအင်       - လျှပ်စစ်-စက်ရုံမှ(၁၂.၈၉)မိုင်ကွာဝေးသည့်သဲဖြူဓာတ်အားခွဲရုံမှ ဗို့အားမြင့်ဓာတ်အားလိုင်းဖြင့် သွယ်တန်းရရှိပါသည်။
ကျောက်မီးသွေး-မင်းဘူးနှင့်ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှဝယ်ယူအသုံးပြုပါသည်။
- သဘာဝဓါတ်ငွေ့-(၁၀.၆.၂၀၁၄)ရက်နေ့မှစတင်၍ မြန်မာ့ရေနံ နှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းမှရယူသုံးစွဲလျက်ရှိပါသည်။
တစ် ရက်လျှင်0.4ကုဗပေသန်းအား ကျောက်မီးသွေးနှင့် ရောစပ် မီးထိုး အသုံးပြုလျက်ရှိပါသည်။

(ည)    ရေ    - စက်ရုံအနီးရှိ မဲဟော်ချောင်းရေကို ရေစုပ်စက်ဖြင့်မောင်းတင်ပြီး နေ့စဉ်ပျမ်းမျှ ဂါလံ(၂၀၀၀၀၀)ခန့် ရယူသုံးစွဲလျက်ရှိသည်။

(ဋ)    အဓိကအသုံးပြုသည့်ကုန်ကြမ်း-    
(၁) ထုံးကျောက် -    အဓိကကုန်ကြမ်းဖြစ်သော ထုံးကျောက်အား စက်ရုံအနီးရှိ တောင်ဖီလာထုံးကျောက်တောင်မှ ထုတ်ယူရရှိပါသည်။
(၂) သံကျောက်    - စက်ရုံအနီးပတ်ဝန်းကျင်နယ်မြေများမှ တူးဖော်ရရှိပြီးအရည် အသွေးကောင်းမွန်သည့် သံကျောက်များကို ပြင်ဦးလွင်သံကျောက်လုပ်ကွက်များမှ ဝယ်ယူသုံးစွဲပါသည်။
(၃) ရွှံ့စေး    - စက်ရုံအနီးပတ်ဝန်းကျင်မှ ရယူသုံးစွဲလျက်ရှိပါသည်။
(၄) ဂေါဒန်ကျောက်    - အမှတ်(၃)သတ္တုတွင်းလုပ်ငန်း၊ သီပေါဂေါဒန်ကျောက်နှင့် ရှမ်းပြည်နယ်၊ မောက်မယ်ဒေသထွက်ဂေါဒန်ကျောက်များအား ဝယ်ယူအသုံးပြုလျက်ရှိပါ သည်။


Source: Myanmar Platform, NPTDC Webportal
 

Local Read 1540 times