အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်ရေး လုပ်ငန်းစတင်နေသော မြဝတီ


07 December, 2019

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ တွင် ကျပ်သိန်း ၇၀၀၀၀ ကျော် အကုန်အကျခံပြီး တည်ဆောက်နေသော စိမ်းလဲ့မြိုင်ခေတ်မီ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

 အဆိုပါယာဉ်ရပ်နားစခန်း (အဝေးပြေး ကားဝင်း) အား ၂၀၁၈ ခုနှစ် စက်တင်ဘာလ တွင် မြေရှင်းလင်းရေးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ကာ ၂၀၁၉ ခုနှစ် မေ ၃ ရက်တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်များ၊ မြဝတီခရိုင်မှ တာဝန်ရှိသူများက ပန္နက်ချ မင်္ဂလာပြုလုပ်ကာ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းပိုင်းကို ဆောင် ရွက်နေပြီဖြစ်ကြောင်း သိရသည်။

မြဝတီမြို့ စိမ်းလဲ့မြိုင်ခေတ်မီ အဝေးပြေး ယာဉ်ရပ်နားစခန်းလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ကရင်ပြည်နယ် အစိုးရအဖွဲ့က လွှတ်တော်၏ အတည်ပြု ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စိမ်းလဲ့မြိုင် အဝေးပြေးကားဝင်းစခန်းတည်ဆောက်ရေးလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဦးမျိုးဝင်းသန်းက “စိမ်းလဲ့မြိုင် အဝေးပြေးကားဝင်း ကိုယ်နဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ နယ်စပ် မြဝတီမြို့မှာ အဝေးပြေးယာဉ်ရပ်နားစခန်း မရှိတဲ့အတွက် ကားဂိတ်တွေလည်း နေရာ စနစ်တကျမရှိတာကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေလည်း နေ့စဉ်နီးပါး ဖြစ်ပေါ်နေသလို ခရီးသွား ပြည်သူတွေလည်း အခက်အခဲ ဖြစ်ကြရပါတယ်။ ဒါကြောင့် ခေတ်မီ အဝေးပြေး ယာဉ်ရပ်နားစခန်းကြီး တစ်ခုကို ကျပ်သိန်း ၇၀၀၀၀ ကျော် အကုန်အကျခံ တည်ဆောက် တာဖြစ်ပြီး ၂၀၂၁ ဧပြီလလောက်မှာ ပြီးစီးဖို့ ခန့်မှန်းထားပါတယ်” ဟု ပြောကြားသည်။

ယာဉ်ရပ်နားစခန်း တည်ဆောက်ရေးလုပ်ငန်း ပြီးစီးပါက အနှစ်၂၀ အရစ်ကျစနစ်ဖြင့် ဝယ်ယူရရှိနိုင်မည့် အိမ်ရာစီမံကိန်းများကိုပါ တည်ဆောက်သွားမှာ ဖြစ်ကြောင်း ဦးမျိုးဝင်းသန်းက ပြောကြားသည်။
 
စိမ်းလဲ့မြိုင် ခေတ်မီ အဝေးပြေး ယာဉ်ရပ်နားစခန်းကြီးတွင် မော်တော်ယာဉ်ကြီးများအတွက် ၂၅ ပေ x ၄၀ ပေ နှစ်ထပ်ဆောင် ကားဂိတ် ၅၃ ခုနှင့် ယာဉ်ငယ်များအတွက် ၁၅ ပေ x ၃၀ ပေ နှစ်ထပ်ဆောင် ၅၀ ခုကို လည်း တည်ဆောက် သွားမည်ဟု ဆိုသည်။

အဆိုပါ ယာဉ်ရပ်နားစခန်း၏ ဧရိယာ အကျယ်အဝန်းမှာ ကိုးဧက ရှိကြောင်း သိရသည်။
 
လက်ရှိ မြဝတီမြို့တွင်း၌ ခရီးသွားပြည်သူများ ပို့ဆောင်ပေးနေသော Express ကားကြီးဂိတ် ၂၀ ကျော်နှင့် ယာဉ်ငယ်ဂိတ် ၇၀ ကျော်တို့က မြန်မာနိုင်ငံ အနှံ့ပြေးဆွဲနေပြီး တရားဝင် အဝေးပြေး ယာဉ်ရပ်နားစခန်း မရှိသည့်အတွက် လမ်းမကြီးနှင့် ကြားလမ်းများတွင် ကားဂိတ်ဖွင့်ကာ ပြေးဆွဲနေရ၍ မြို့တွင်း၌ ယာဉ်ကြော ကျပ်တည်းမှုများ နေ့စဉ် ကြုံတွေ့နေရကြောင်း သိရသည်။
 

Region Read 63 times