မြန်မာ့ပထမဆုံး ရေအောက် ငါးပြတိုက်ကို ကန်တော်ကြီးဥယျာဉ်အတွင်း တည်ဆောက်လျှက်ရှိ


08 December, 2019

   ရန်ကုန်မြို့၊ ကန်တော်ကြီးဥယျာဉ်အတွင်း တည်ဆောက်လျက်ရှိသည့် မြန်မာ့ပထမဆုံး ရေအောက်ငါးပြတိုက်ကို လာမည့်ဧပြီလတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီလ ၉ရက်တွင်ပြုလုပ်ခဲ့သည့် ကန်သာယာစင်တာဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

        အဆိုပါ Myanmar Aquariums ငါးပြတိုက်အဆောက်အအုံ ဆောက်လုပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် မုတ္တမဟိုးလ်ဒင်း လိမိတက်တို့မှ နှစ်ရှည်ငှားရမ်းစာချုပ်ဖြင့် တွဲဖက်ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး စင်ကာပူနိုင်ငံရှိ Sd Surbana မှ ဒီဇိုင်း ရေးဆွဲပေးထားကြောင်း သိရသည်။ ၂၀၁၉ ခုနှစ်ရဲ့ နှစ်သစ်အခါသမယမှာ ကန်သာယာစင်တာကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပြီး လာမယ့်မြန်မာ နှစ်သစ်ကူးမှာလည်း ကန်တော်ကြီးထဲက ငါးပြတိုက်ကို ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။

        "နိုင်ငံတကာအဆင့်မီ ငါးပြတိုက်အဖြစ် လုပ်ဆောင်နေတာပါ။ ဒါကြောင့် ကန်တော်ကြီးကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ နောက်ပြီး ကန်တော်ကြီးထဲက လမ်းတွေ၊ တံတားတွေကိုလည်း အဆင့်မြှင့်တင် သွားမှာဖြစ်ပါတယ်။ အခုကန်သာယာစင်တာကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်လို့ ငါးပြတိုက်နဲ့ ကျန်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးသွားမယ်ဆိုရင် ကန်တော်ကြီးဝန်းကျင်ဟာ အများပြည်သူအတွက် အပန်းဖြေအနားယူစရာ၊ နိုင်ငံတကာက လာရောက်မယ့်သူတွေအတွက် တည်းခိုစရာ၊ ဈေးဝယ်နိုင်စရာနေရာတွေ ပြည့်စုံပြီး မြို့ပြဖွံ့ဖြိုးမှု အမှတ်သင်္ကေတတွေကို မြင်တွေ့နိုင်မယ့် နေရာ တစ်ခု ဖြစ်လာမှာပါ" ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

        ထိုနိုင်ငံတကာအဆင့်မီရေအောက်ငါးပြတိုက်ကို ယခင်ငါးပြတိုက်ဟောင်း၏ မြေဧက ငါးဧက ပေါ်တွင် ပြီးခဲ့သည့် ၂၀၁၄နှစ်ဆန်းပိုင်းတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်ငါးပြတိုက်မှာ ရေချိုငါးဥယျာဉ်သာ ဖြစ်ပြီး လက်ရှိ Myanmar Aquariums ကုမ္ပဏီလီမိတက်မှ ဆောက်လုပ်နေသော ငါးပြတိုက်မှာ ရေချို၊ ရေငန် နှစ်မျိုး နှစ်စား ပါဝင်သော ငါးပြတိုက် ဖြစ်လာမည် ဖြစ်ကြောင်း၊ ထို့အပြင် ရှားပါးပြီးတွေ့ရန်ခက်ခဲသည့် ရေအောက်သတ္တဝါမျိုးစုံနှင့် ၎င်း တို့၏ နေထိုင်သွားလာမှုပုံစံအပါအဝင် ငါးဖမ်းအလုပ်သမားများ၏ လူနေမှုပုံစံစသည်တို့ကိုပါ ကြည့်ရှုလေ့လာနိုင်မည့် နေရာတစ်ခုဖြစ်လာမည်ဖြစ်ပြီး ပြသမည့် ပြခန်းများကို ဘင်္ဂလားပင်လယ်အော်၊ အင်းလေးကန်၊ အန်ဒမန်ပင်လယ် မြိတ် ကျွန်းစုသန္တာကျောက်တန်း စသဖြင့် မြန်မာပြည်မြောက်ပိုင်းမှ တောင်ပိုင်းအထိ နေရာခွဲခြားထားမည်ဖြစ်ကာ ကိုယ်တိုင် ၎င်းနေရာများသို့ အမှန်တကယ်ရောက် သွားရသကဲ့သို့၊ ပင်လယ်သမုဒ္ဒရာထဲရှိ ရေသတ္တဝါများကိုအနီးကပ် ထိတွေ့ခံစားရသလို အတွေ့အကြုံမျိုးရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Mixed Use and Urban Read 148 times