မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဈေးဆိုင်ခန်းများပါဝင်သည့် လူသွားဉမင် ဆောက်လုပ်နေမှု ပထမတစ်ပိုင်း


20 January, 2021

မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဈေးဆိုင်ခန်းများပါဝင်သည့် လူသွားဉမင် ဆောက်လုပ်နေမှု ပထမတစ်ပိုင်းသည် (၉၅)ရာခိုင်နှုန်းထိ ပြီးဆုံးသွားဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးမှ ပြောကြားသွားပါသည်။

အဆိုပါ အဖွဲ့ဝင်တစ်ဦး၏‌ ပြောကြားချက်အရ လူသွားဉမင် (Underpass) ကို အပိုင်း ၂ ပိုင်းခွဲ ဆောက်လုပ်နေတာဖြစ်ကြောင်းနဲ့ ဒုတိယတစ်ပိုင်းမှာလည်း (၇၅) ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရပါသည်။ အပူချိန်မြင့်တက်လာသည့်နှင့်အမျှ အလိုအလျောက်ရေဖြန်းသည့်စနစ်ကို တပ်ဆင်ထားပါသည်။ 

ကိုဗစ် (၁၉) ကာလတွင် လေဝင်လေထွက်စနစ်လည်း အရေးကြီးသည်ဖြစ်သောကြောင့် FCU (Fan Coil- Unit) ၅ခု တပ်ဆင်ထားပြီး လေသန့်များကို ထုတ်ပေးမည်ဖြစ်သည်။ လေပူတွေကို ပြန်ထုတ်ပေးနိုင်သော Exhaust-Fan ၄ လုံးတပ်ဆင်ထားကြောင်းကိုလည်း သိရှိရပါသည်။

ဒါ့အပြင် ငလျင်ဒဏ်နှင့်ပတ်သက်ပြီး ထည့်သွင်းစဉ်းစား ဒီဇိုင်းဆွဲသည့်အခါမှာလည်း မြန်မာနိုင်ငံတွင် ၁၉၃၀ ဝန်းကျင်လောက်က ဖြစ်ပွားခဲ့သော ပဲခူးငလျင် ၇.ဝအဆင့်ရှိအပြင်းထန်ဆုံးငလျင်ဒဏ်ကို အခြေခံပြီး သဘာဝဘေးအန္တရာယ်ကိုပါ ခံနိုင်ရည်ရှိအောင် လူသွားဉမင်ကို တည်ဆောက်ထားခြင်းဖြစ်ပါသည်။

လူသွားဉမင် (Underpass)ရဲ့ ထူးခြားချက်ကတော့ ဂရိတ် -၃၅ အဆင့် သံကွန်ကရစ်ကိုသာအသုံးပြုထားပြီး တန် ၆၀ကျော်ကုန်တင်ယာဉ်များပါ သွားလာနိုင်ကြောင်း စစ်ဆေးစမ်းသပ်ပြီးဖြစ်သောကြောင့် အများပြည်သူများ စိတ်ချစွာသွားလာနိုင်မည်ဖြစ်သည်။ 

TTC ပညာရေးကောလိပ်အနီး ပြည်လမ်းမပေါ်သည် ရေစီးရေလာကောင်းမွန်သည့်အတွက် ၁၀နှစ်တာ မိုး‌‌ရေချိန်ကိုပါ တွက်ချက်၍ ရေလျှံခြင်းမရှိစေရန် အဆင့်မှီတည်ဆောက်ထားကြောင်းကိုလည်း ထပ်မံပြောကြားသွားလေသည်။

လူသွားဉမင်အတက်အဆင်းနေရာ အမိုးကိုတော့ လိပ်ခုံးအသွင် ဒီဇိုင်းဆွဲထားပြီး ဈေးဆိုင်တွဲများအပြင် ရိုးရိုးလှေကား၊ စက်လှေကားအပြင် မသန်စွမ်းသူများနဲ့ အသက်ကြီးသူများပါ အဆင်ပြေပြေသွားလာနိုင်စေရန် ဓာတ်လှေကားများကို တပ်ဆင်ထားပါသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်တွင် လူသွားဉမင်တည်ဆောက်ရေးလုပ်ငန်းများကို အပြီးစီးဆောက်လုပ်နိုင်ရန် ရည်ရွယ် လုပ်ဆောင်နေကြောင်းကိုလည်း သိရှိရပါသေးသည်။

ShweProperty.com

Local Mixed Use and Urban Read 704 times