ရန်ကုန်မြို့ရှိ မြန်မာ့မီးရထားဝန်ထမ်းအိမ်ရာအဆောက်အအုံများ ရာနှုန်းပြည့်ဆောက်လုပ်ပြီးစီး


10 January, 2021

ရန်ကုန်မြို့ရှိ မြန်မာ့မီးရထားဝန်ထမ်းမိသားစုများနေထိုင်ရန်အတွက် အင်းစိန်မြို့နယ် လှိုင် မီးရထားဝင်းအတွင်းရှိ ခြောက်ခန်းတွဲ ငါးထပ် တိုက် အထပ်မြင့်အဆောက်အအုံနှင့် ဝက်စု ရပ်ကွက်အတွင်းရှိ ခြောက်ခန်းတွဲ လေးထပ် တိုက်အထပ်မြင့် အဆောက်အအုံ ဆောက်လုပ် နေမှုမှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားမှ သိရသည်။

လူနေအိမ်ခန်းပေါင်း ၃၀ ပါဝင်

အဆိုပါ အင်းစိန်မြို့နယ် လှိုင်မီးရထားဝင်း အတွင်း ဆောက်လုပ်ထားသည့်အဆောက်အအုံ မှာ အလျား ၁၂၆ ပေ၊ အနံ ၄၂ ပေနှင့် အမြင့် ၅၃ ပေရှိပြီး သံကူကွန်ကရစ်(RC)အမျိုးအစား ဖြစ်၍ ခြောက်ခန်းတွဲငါးထပ်တိုက် အဆောက် အအုံဖြစ်သည်။ လူနေအိမ်ခန်းတစ်ခန်းလျှင် အကျယ် ၆၈၆ စတုရန်းပေ ရှိသောကြောင့် လူနေအိမ်ခန်းပေါင်း ၃၀ ပါဝင်ဆောက်လုပ် ထားကြောင်း သိရသည်။

ဝက်စုရပ်ကွက်အတွင်း ဆောက်လုပ် ပြီးစီးသည့် အဆောက်အအုံမှာ အလျား ၁၃၂ ပေ၊ အနံ ၃၁ ပေနှင့် အမြင့် ၄၃ ပေရှိပြီး သံကူ ကွန်ကရစ်(RC)အမျိုးအစားဖြစ်၍ ခြောက်ခန်းတွဲ လေးထပ်တိုက် အဆောက်အအုံဖြစ်သည်။ လူနေအိမ်ခန်းတစ်ခန်းလျှင် အကျယ် ၅၆၇ စတုရန်းပေရှိသောကြောင့် လူနေအိမ်ခန်း စုစုပေါင်း ၂၄ ခန်း ပါဝင်ဆောက်လုပ်ထား ကြောင်း သိရသည်။

v ရန်ကုန်မြို့မှ

“အင်းစိန်မြို့နယ်မှာဆိုလို့ရှိရင် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အတွက် နေရာပေါင်း ၁၀ နေရာလောက်ကို မြန်မာ့မီးရထားကဆောင်ရွက်သွားဖို့ ရှိပါတယ်။ အခုဆောက်လုပ်ပြီးစီးတဲ့ အဆောက်အအုံ နှစ်လုံးကတော့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေအရ ဝန်ထမ်းမိသားစုတွေကို နေရာချထားပေးတာဖြစ်ပြီး ဝန်ထမ်း မိသားစုတွေ ယခင်နေထိုင်ခဲ့တဲ့ ဝန်ထမ်းလိုင်းခန်းနေရာတွေကိုလည်း ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်တွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သဘောကတော့ ယခင်ရှိနေတဲ့ ဝန်ထမ်းအိမ်ရာလိုင်းခန်းတွေဟာ တစ်ထပ်တွေပဲဖြစ်တာမို့ နေရာ များများယူရသလိုဖြစ်နေတဲ့အတွက် အထပ်မြင့်အဆောက်အအုံတွေ ဆောက် လုပ်‌ပြီး ဝန်ထမ်းအိမ်ရာလိုင်းခန်းက ဝန်ထမ်းတွေအတွက် နေရာချထားပေးလိုက် တာကြောင့် ယခင်ဝန်ထမ်းအိမ်ရာလိုင်းခန်းနေရာတွေဟာဆိုရင် မြေနေရာ အလွတ်တွေဖြစ်ပြီး အဆောက်အအုံအသစ်တွေ ထပ်မံပေါ်ထွက်လာမှာမို့ အကျိုး ဖြစ်ထွန်းစေမယ့် ဖွံ့ဖြိုးရေးစီမံကိန်းတွေကို မြန်မာ့မီးရထားအနေနဲ့ဆောင်ရွက် သွားနိုင်ဖို့လည်းဖြစ်ပါတယ်” ဟု မြန်မာ့မီးရထား တိုင်းအမှတ်(၇)ရန်ကုန်၊ အင်ဂျင်နီယာမှူး(မြို့ပြ)ဦးလင်းခိုင်ဌေးက ပြောကြားသည်။

အဆိုပါအင်းစိန်မြို့နယ် လှိုင်မီးရထားဝင်းအတွင်းရှိ ခြောက်ခန်းတွဲ ငါးထပ် တိုက်အဆောက်အအုံကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဩဂုတ်လပိုင်းကဆောက်လုပ် ခဲ့ပြီး ဝက်စုရပ်ကွက်အတွင်းရှိ ခြောက်ခန်းတွဲ လေးထပ်တိုက်အဆောက် အအုံကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလပိုင်းက ဆောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်း ပြည့် ဆောက်လုပ်ပြီးစီးခဲ့သောကြောင့် ဝန်ထမ်းအိမ်ရာကော်မတီများ ဖွဲ့စည်း နေပြီဖြစ်၍ မကြာမီကာလအတွင်း မြန်မာ့မီးရထား တိုင်းအမှတ်(၇) ရန်ကုန် နယ်မြေအတွင်းမှ ဝန်ထမ်းမိသားစုများ အဆင်ပြေစွာ နေထိုင်နိုင်ကြတော့မည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။

The Mirror Daily 

Public Housing Read 447 times