မြရည်နန္ဒာအိမ်ယာတိုက်ခန်းများရောင်းချရာတွင် ပုဂ္ဂလိက ဝန်ထမ်းများကိုပါ ရောင်းချပေးရန် စီစဉ်နေ


20 January, 2020

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာ တန်ဖိုးမျှ တိုက်ခန်း ၅၇၄ ခန်းကို ဝယ်ယူနိုင်ရန်အတွက် လျှောက်လွှာများကို စတင်ရောင်းချတော့မည် ဖြစ်သည်။

တိုက်ခန်းဝယ်ယူခွင့်လျှောက်လွှာနှင့်ပက်သတ်သော ဝယ်ယူရမည့် အချက်အလက်များကို အသေးစိတ်ထုတ်ပြန်ထားခြင်းတော့ မရှိသေးပေ။

မြရည်နန္ဒာ တိုက်ခန်းများကို ယခင်က အစိုးရဝန်ထမ်းများနှင့် အငြိမ်းစားများကို ရောင်းချပေးခဲ့ပြီး ယခုရောင်းချရာတွင် ပုဂ္ဂလိက ဝန်ထမ်းများကိုပါ ရောင်းချပေးရန် စီစဉ်နေပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“အခုအခါမှာ ဝန်ထမ်းနဲ့ အငြိမ်းစားတွေရဲ့ ဝယ်လိုအားကလည်း တော်တော်လေး ရှိနေပြီလို့ ယူဆတယ်။ ဝန်ထမ်းနဲ့ အငြိမ်းစားတွေသာမက ပြင်ပကုမ္ပဏီနဲ့ ပုဂ္ဂလိကဝန်ထမ်းတွေကိုပါ ထည့်သွင်းရောင်းချပေးဖို့ ဆွေးနွေးနေတယ်”ဟု တာဝန်ရှိသူက ပြောသည်။

မြရည်နန္ဒာ တန်ဖိုးမျှတတိုက်ခန်းများကို မဲစနစ်ဖြင့် ရွေးချယ်ရောင်းချသွားမည် ဖြစ်သည်။

တိုက်ခန်းဝယ်ယူူရာတွင် ယခင်က အာမခံစပေါ်ငွေကျပ် ( ၅) သိန်းသာ ပေးသွင်းရသော်လည်း ယခုအခါ အာမခံစပေါ်ငွေ ကျပ်သိန်း (၂၀) ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

တိုက်ခန်းမဲပေါက်သူများသည် ဘဏ်နှင့်ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သလို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ငွေအကျေချေ၍လည်း ဝယ်ယူနိုင်သည်။

တိုက်ခန်းဝယ်ယူခွင့်ရရှိပါက အာမခံစပေါ်ငွေကျပ်သိန်း (၂၀) ပေးသွင်းရမည်ဖြစ်သည်။

ပထမအရစ်ကျ ငွေပေးသွင်းပြီးသည်နှင့်တစ်ပြိုင်နက် တိုက်ခန်းတွင် နေထိုင်ခွင့်ရရှိမည် ဖြစ်သည်။

မြရည်နန္ဒာ တန်ဘိုးမျှတအိမ်ယာများသည် အာရ်စီ(၄)ခန်းတွဲ (၆)ထပ်မြင့်၍ တစ်ခန်းလျှင် ၆၆၁ စတုရန်းပေ ကျယ်ဝန်းသည်။

၂၀၁၉ ခုနှစ်က ရောင်းချခဲ့သည့် မြရည်နန္ဒာ တန်ဘိုးမျှတအိမ်ယာများကို မြေညီထပ်တစ်ခန်းလျှင် ငွေကျပ် (၂၆၈) သိန်း၊ ပထမထပ်ကို ငွေကျပ် (၂၄၈) သိန်း၊ ဒုတိယထပ်ကို ငွေကျပ် (၂၂၇)သိန်း၊ တတိယထပ်ကို ငွေကျပ် (၂၁၇) သိန်း၊ စတုတ္ထထပ်ကို ငွေကျပ် (၂၀၆) သိန်းနှင့် ပဉ္စမထပ်ကို ငွေကျပ်(၁၉၆)သိန်းဝန်းကျင် ဖြစ်ကြောင်း သိရသည်။

Region Read 64 times