နိုင်ငံတကာ အဆင့်မီ လေဆိပ်အဖြစ် အဆင့်မြှင့်တင်မည့် မော်လမြိုင်လေဆိပ်


12 December, 2019

မွန်ပြည်နယ် မော်လမြိုင်လေဆိပ်ကို လူဦးရေ ၁၅ဝ ခန့် တင်ဆောင်နိုင်သော ဘိုးရင်း ၇၃၇ လေယာဉ်များ ဆင်းသက်နိုင်သည့် နိုင်ငံတကာ အဆင့်မီလေဆိပ်ဖြစ်ရန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လာမည့် ပွင့်လင်းရာသီတွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း

မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါလေဆိပ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ထားခြင်း ဖြစ်ပြီး လေဆိပ်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လာမည့် ပွင့်လင်းရာသီတွင် စတင်ဆောင်ရွက် သွားမည်ဖြစ်ကာ ပထမအဆင့် အနေဖြင့် လေယာဉ်ပြေးလမ်းကို ပေ ၈၅ဝဝ အထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်ပြေးလမ်း  တိုးချဲ့ရန် လိုအပ်သည့် မြေနေရာများကို ဝယ်ယူထားပြီးဖြစ်ကာ မြေယာလျော်ကြေးအဖြစ် သိန်း ၆ဝဝဝ ခန့် ပြည်နယ် အစိုးရက သုံးစွဲခဲ့ကြောင်း၊ လက်ရှိ လေယာဉ်ပြေးလမ်းသည် ပေ ၅၄ဝဝ အရှည်ရှိပြီး သက်တမ်းကြာလာသည်နှင့်အမျှ စွမ်းရည် ကျဆင်းလာပြီး အရည်အသွေး မပြည့်မီတော့သည့်အတွက် ပြန်လည်ပြုပြင်ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အပတ်စဉ် တနင်္လာနေ့တိုင်း မော်လမြိုင်-ကော့သောင်း၊ မော်လမြိုင်-ရန်ကုန်   ခရီးစဉ်ကို မြန်မာအမျိုးသား လေကြောင်းလိုင်းက တစ်ပတ်တစ်ကြိမ် ပြေးဆွဲပေးနေပြီး လာမည့် မေ ၂ ရက်မှစတင်၍ တစ်ပတ်လျှင်   နှစ်ကြိမ်ပြေးဆွဲပေးသွားရန်  စီစဉ်လျက်ရှိသည်။

လက်ရှိလေယာဉ်ပြေးလမ်း ပေ၅၄ဝဝ သည် ကတ္တရာခင်းလမ်း ဖြစ်ပြီး လူ ၇ဝ ခန့် တင်ဆောင်နိုင်သည့် ATR-72 လေယာဉ်များသာ ပြေးဆွဲဆင်းသက်လျက် ရှိကြောင်း  သိရသည်။

Factory and Industrial Plant Read 33 times