Mitsubishi က အရှေ့တောင်အာရှ အကြီးမားဆုံး လေအားလျှပ်စစ်ကို လာအိုတွင် ရင်းနှီးမြှုပ်နှံမည်


28 September, 2021

ဂျပန်မှာ ကုန်သွယ်မှုလုပ်ငန်းကြီး Mitsubishi Corp က လာအိုနိုင်ငံတွင် အရှေ့တောင်အာရှ အကြီးမားဆုံး လေအားလျှပ်စစ် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည်။ လေအားလျှပ်စစ်လုပ်ငန်းမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို ဗီယက်နမ်သို့ ပေးပို့ရောင်းချမည်။ 

Mitsubishi မှ ထုတ်ပြန်သည့် သတင်းကြေညာချက်တွင် လာအိုနိုင်ငံ တောင်ပိုင်းရှိ Sekong နှင့်  Attapeu ပြည်နယ်များတွင် ၆၀၀ မီဂါဝပ် ထုတ်လုပ်မယ့် လေအားလျှပ်စစ်စက်ရုံကို ဟောင်ကောင်အခြေစိုက်  Energy Asia Development Ltd (IEAD) မှ တည်ဆောက်မည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်မှုကို ၂၀၂၅ ခုနှစ်တွင် စတင်မည်ဟု ဖော်ပြထားသည်။ လေအားလျှပ်စစ်လုပ်ငန်းသည် လာအိုနိုင်ငံအတွက် ပထမဆုံးအကြိမ် လုပ်ကိုင်ခြင်း ဖြစ်သည်။ 

ကုန်းတွင်းပိုင်း နိုင်ငံဖြစ်သော လာအိုနိုင်ငံတွင် လေအားလျှပ်စစ်ကို နယ်စပ်ဖြတ်ကျော် ပေးပို့ကာ ရောင်းချမည် ဖြစ်ပြီး ဒေသတွင် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲနေခြင်းတို့ကို ထိခိုက်မှု မရှိသော နည်းလမ်း ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်သည်။ 

ဗီယက်နမ်နိုင်ငံသည် စီးပွားရေး တိုးတက်လာသည်နှင့်အမျှ စွမ်းအင်လိုအပ်ချက် မြင့်တက်လာနေသည်။ အထူးသဖြင့် နွေရာသီတွင် ရေအားလျှပ်စစ်ထုတ်လုပ်မှု လျော့ကျခြင်းနှင့် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲခြင်းတို့ တစ်ပြိုင်တည်း ကျရောက်နေသည့်အခါ လေအားလျှပ်စစ်က ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ်ဖြင့် လျှပ်စစ်ဓာတ်အား ဆက်လက်ရရှိနေမည် ဖြစ်သည်။ 

Mitsubishi  က ရင်းနှီးမြှုပ်နှံမည့် ပမာဏကို ထုတ်ဖော်ပြောကြားခြင်း မရှိချေ။ ၎င်း၏ လက်အောက်ခံလုပ်ငန်းဖြစ်သော ဟောင်ကောင်မှ လုပ်ငန်းက ၂၄% ထည့်ဝင်မည်ဖြစ်ပြီး ကျန်သည့်ရာခိုင်နှုန်းကို BCPG Public Company Ltd. နှင့်  Earth Power Investment Ltd, တို့က ထည့်ဝင်ကြမည် ဖြစ်သည်။ ထိုလုပ်ငန်း နှစ်ခုစလုံးသည် ထိုင်းနိုင်ငံမှ လုပ်ငန်းများ ဖြစ်ကြသည်။ 

ဗီယက်နမ်မှ ဦီးဆောင် လျှပ်စစ်လုပ်ငန်းဖြစ်သော Vietnam Electricity က လေအားလျှပ်စစ်မှာ ထုတ်လုပ်သည့် ဓာတ်အားကို ၂၅ နှစ် ဝယ်ယူရန် IEAD နှင့် ဇူလိုင်လတွင် သဘောတူညီချက် ရရှိပြီးသည့်နောက်တွင် ဆက်လက်အကောင်အထည် ဖော်ခဲ့သည်။ 

စီမံကိန်းတွင် လာအို၊ ဗီယက်နမ်၊ ဂျပန်နှင့် ထိုင်းတို့ ပူးပေါင်းလုပ်ကိုင်ကြမည် ဖြစ်သည်။ 

ဗီယက်နမ်က လာအိုထံမှ ၂၀၃၀ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား စုစုပေါင်း ၅,၀၀၀ မီဂါဝပ်အထိ ဝယ်ယူရန် နှစ်နိုင်ငံ သဘောတူညီချက်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် လက်မှတ်ရေးထိုးထားသည်။ 


bangkokpost.com
 

Region Read 619 times