မင်္ဂလာဈေးအား အချက်အချာကျတဲ့ အရောင်းစင်တာကြီးတစ်ခု ဖြစ်လာအောင် တည်ဆောက်နေ


05 December, 2020

 မင်္ဂလာဈေး အဆောက်အအုံသစ်အား လူဦးရေ လေးသောင်းနီးပါး အသုံးပြုနိုင်သော နိုင်ငံတကာအဆင့်မီ ဈေးသစ်ကြီးအဖြစ် ၂ဝ၂ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းခန့်တွင် အပြီးတည်ဆောက်သွားရန်ခန့်မှန်းထားကြောင်း ဈေးဆောက်လုပ်လျက်ရှိသည့် Sun Myat Htun ဆောက်လုပ်ရေးလုပ်ငန်းထံမှ သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ တင်ဒါအောင်မြင်ပြီးနောက် ၂ဝ၁၈ ခုနှစ် မေလမှစတင်၍ မြေပြင်အကြို လုပ်ငန်းများ စတင်ခဲ့သည်။

          လက်ရှိတွင် အောက်ခံ ဖောင်ဒေးရှင်း အတွက် ဘိုးပိုင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုလုံးအတွက် ၆ ရာခိုင်နှုန်း ခန့်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။ဆောက်လုပ်ရေးလုပ်ငန်းများအား တတိယ အဖွဲ့အစည်းတစ်ခုဖြစ်သည့် နိုင်ငံခြားကုမ္ပဏီတစ်ခု၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်လျက်ရှိသည့်အပြင် တည်ဆောက်ရေးကာလအတွင်း စံချိန်စံညွှန်းမီ ဆောက်လုပ်နိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များ ဖြင့် ကြီးကြပ်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

“လက်ရှိ မင်္ဂလာဈေးသည် ရန်ကုန်မြို့၏ အကြီးဆုံးလက်ကားဈေးကြီးဖြစ်သည်။ထို လက်ကားဈေးကြီးကို ထပ်ပြီး အဆင့်မြင့် အောင် ပိုပြီး ကြီးမားလာအောင် အတွေ့အကြုံများ နိုင်ငံတကာ စီမံခန့်ခွဲ မှုနည်းပညာများနှင့်ပေါင်းပြီး အမြဲတမ်းသစ်လွင်နေပြီး စီးပွားရေးမောင်းနှင်မှု အားကောင်းသည့် အချက်အချာကျတဲ့ အရောင်းစင်တာကြီးတစ်ခုဖြစ်လာအောင် တည်ဆောက်နေတာဖြစ်သည်"

ဟု ဆန်းမြတ်ထွန်းကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာ မှ ပြောကြားခဲ့သည်။

           ယခင် မီးသင့်လောင်ခဲ့သော မင်္ဂလာဈေတးဟောင်းတွင် ရောင်းချနေသော ဈေးသူဈေးသား ၄ဝဝဝခန့်မှာ လက်ရှိအချိန် အပြင်တွင် ဆိုင်ခန်းများငှားရမ်းရောင်းချနေရပြီး ဈေးသစ်တည်ဆောက်ပြီးပါက မြေညီထပ်မှ ငါးလွှာအထိ အဆိုပါ ဈေးသူဈေးသားများအား ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်းသိရသည်။ထို့ပြင် အသစ်ဆောက်လုပ်လျက်ရှိသော ဈေးသစ်ကြီးတွင် နောက်ထပ် ဆိုင်ခန်းပေါင်း တစ်ထောင်ကျော် ထပ်မံပါဝင်မည်ဖြစ်ပြီးဆေးနှင့် အခြားပစ္စည်းများ စနစ်တကျသိုလှောင်နိုင်ရန် အပူချိန်ထိန်းညှိ ပေးထားသော သိုလှောင်ရုံငယ်များပါ ပါဝင်မည်ဟု သိရသည်။

          ဈေးသစ်၏အောက်ဆုံးထပ်တွင် စားသောက်ဆိုင်များ၊စူပါမားကတ်များပါ ထည့်သွင်းတည်ဆောက်နေကြောင်းသိရသည်။လပေါင်း ၃ဝ ခန့်အချိန်ယူတည်ဆောက်မည့် အဆိုပါ ဈေးသစ်ကြီးတွင် လူနေအိပ်ခန်းများ ပါဝင်မည်မဟုတ်ပဲ ဈေးဆိုင်ခန်းများ၊ရုံးခန်းများ၊သိုလှောင်ရုံငယ်များ ပါဝင်ကာ ဈေးအတွင်းရှိ ရောင်းကုန်များအား အလွယ်တကူသယ်ယူဖြန့်ဖြူးနိုင်ရန် အစီအမံများ ထည့်သွင်းထားကြောင်းသိရသည်။ယခင် မင်္ဂလာဈေးဟောင်းသည် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ အတွင်းက မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

Mixed Use and Urban Read 47 times