လူထုဗဟိုပြု အခြေခံ အဆောက်အဦး ၁၈၄ ခုကို မင်းတုန်းမြို့မှာ ဆောင်ရွက်လျက်ရှိ


09 December, 2019

 ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မကွေးတိုင်းဒေသကြီး   သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်း ကျေးရွာများ၌ လူထုဗဟိုပြု အခြေခံအဆောက်အဦး လုပ်ငန်း  ၁၈၄ ခုကို ငွေကျပ်သန်း ၁၈၁ဝ အသုံးပြု၍   ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင်    အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း လူထုဗဟိုပြု စီမံကိန်း တာဝန်ရှိသူထံမှ သိရသည်။

         လူထုဗဟိုပြုစီမံကိန်းကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှစတင်ကာ    မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများ အားလုံး၌ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုစတုတ္ထနှစ် စက်ဝန်းကာလတွင် လျာထားလုပ်ငန်း ၁၈၄ ခုအနက် လုပ်ငန်း ၁၁ ခုဆောင်ရွက် ပြီးစီးနေပြီဖြစ်ပါသည်။

 

        ''စီမံကိန်းရဲ့ စတုတ္ထနှစ် စက်ဝန်းမှာ လမ်းလုပ်ငန်း ၅၁ ခု၊ တံတားလုပ်ငန်းငါးခု၊ ရေပေးရေးလုပ်ငန်း ၂၃ ခု၊ မီးလင်းရေးလုပ်ငန်း ၇၂ ခု၊ စာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ၁ဝ ခု၊ ဘက်စုံသုံးခန်းမ ၁၆ ခု၊ မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းခုနစ်ခုတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။

 

        လတ်တလောကတော့ လမ်းလုပ်ငန်းခုနစ်ခု၊ ရေပေးရေးလုပ်ငန်းတစ်ခု၊ မီးလင်းရေးလုပ်ငန်း သုံးခုတို့ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့  စီမံကိန်း ဝန်ထမ်းများရဲ့ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတွေ ရှိပါတယ်။လုပ်ငန်းတွေ ကိုတော့ ကျေးရွာလူထု ကိုယ်တိုင် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်တဲ့ စနစ်မျိုးဖြစ်ပါတယ်''ဟု လူထုဗဟိုပြု စီမံကိန်းတာဝန်ခံ ဦးဝင်းသူရက ပြောသည်။

 

        လူထုဗဟိုပြုစီမံကိန်းဖြင့် မင်းတုန်းမြို့နယ် အတွင်းရှိ ကျေးရွာအားလုံး၌ စီမံကိန်း ပထမနှစ်စက်ဝန်း၊ ဒုတိယနှစ်စက်ဝန်းနှင့် တတိယနှစ် စက်ဝန်းတို့တွင်   အခြေခံအဆောက်အဦ လုပ်ငန်းခွဲ ၄၈ဝ ကို စီမံကိန်းထောက်ပံ့ငွေကျပ် ၄၅ဝ၅ ဒသမ ၃၁၇၂၉၉ သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၂၉ဝ ဒသမ ၅၄၂၁၅၈ သန်း၊ စုစုပေါင်းငွေကျပ် ၄၇၉၅ ဒသမ ၈၅၉၄၅၇ သန်းဖြင့်  ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
 

Public Housing Read 63 times