မိုက်ကယ်ဂျက်ဆင်၏ Neverland အိမ်ခြံဝင်းကျယ်ကို ယခင်ဈေးနှုန်း ၄ ပုံ၊ ၁ ပုံအောက်ဈေးဖြင့် ရောင်းချ

28 December, 2020

၂၀၁၅ ခုနှစ်တွင် ခေါ်ဈေး အမေရိကန် သန်း ၁၀၀ ရှိသော ပေါ့ပ်ဂီတ ကြယ်ပွင့်မိုက်ကယ်ဂျက်ဆင်ရဲ့ကျော်ကြားသော Neverland Ranch  အိမ်ခြံဝင်းကျယ်ကြီးကို အမေရိကန်ဒေါ်လာ ၂၂ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဝေါ်စထရိဂျာနယ်မှ ထုတ်ပြန်သော သတင်းမှာ ဖော်ပြထားပါတယ်။ ယခင်ဈေးထက် လေးပုံတစ်ပုံအောက် ရောက်နေတဲ့ဈေးနဲ့ ရောင်းချလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ မိုက်ကယ်ဂျက်ဆင်၏ ကျော်ကြားသော Neverland Ranch သည် ဂီတကြယ်ပွင့် မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ခဲ့ပြီး ၁၀ နှစ်အကြာ နောက်ဆုံးမှာတော့ ရောင်းထွက်သွားခဲ့ပါတယ်။ အဲဒီ စံအိမ်တော်ကြီးမှာ မိုက်ကယ်ဂျက်ဆင်က အသက် ၁၀ နှစ်ကျော် အရွယ်ရှိ ယောက်ျားလေးတစ်ဦးက ကာယစော်ကားမှာ လွန်ကျူးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် မိုက်ကယ်ဂျက်ဆင် ရုံးတင် စစ်ဆေးကြားနာတာ ရင်ဆိုင်ရပြီး မိုက်ကယ်ဂျက်ဆင်က Neverland Ranch ကို အပြီးအပိုင် ကျောခိုင်းခဲ့ပါတယ်။

Neverland Ranch ကို ဝယ်ယူလိုက်သူက ဂျက်ဆင်မိသားစုရဲ့ မိတ်ဆွေဟောင်းတစ်ဦးဖြစ်သူ Ron Burkle ဖြစ်ပါတယ်။ သူက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်တဲ့ ဘီလျံနာတစ်ဦး ဖြစ်ပါတယ်။ Neverland Ranch အိမ်ခြံဝင်းကျယ်ကြီးရဲ့ အကျယ်အဝန်းက ၁,၁၀၀ ဟက်တာ (၂,၇၀၀ဧက) ရှိပါတယ်။

The Wall Street Journal ရဲ့ ဖော်ပြချက်မှာ အိမ်ခြံဝင်းကျယ်ကြီးကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အတိတ်ဆိုးကို ဖြေဖျောက်ဖို့ Sycamore Valley Ranch လို့ အမည်ပြောင်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ရောင်းဈေး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဈေးခေါ်ထားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၆၇ သန်း လို့ ဈေးလျှော့ချပြီး ဈေးခေါ်ခဲ့ပါတယ်။ အခု အရောင်းအဝယ်တည့်သွားတာ အမေရိကန်ဒေါ်လာ ၂၂ သန်းလို့ The Wall Street Journal ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ဝယ်ယူသူ ဘီလျံနာ Burkle ရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောပြတာမှာ အိမ်ခြံဝင်းကို ဝယ်ပြီးရင် ဘဏ်မှာ အပေါင်ထား ငွေချေးဖို့ အဆင်ပြေတာကြောင့် ရင်းနှီးမြှုပ်နှံမှုပြုဖို့ ဆုံးဖြတ်ခဲ့တယ်။ တကယ်တော့ တခြားနေရာတစ်ခုမှာ ဝယ်ယူမယ့် မြေကွက်ကို ဝေဟင်ကနေ ကြည့်တဲ့ ခရီးမှာ Neverland Ranch ကို အောက်မြေပြင်မှာ မြင်တွေ့ခဲ့ရာမှ ရောင်းဖို့ ဈေးခေါ်ထားကြောင်း သိရတဲ့အခါ ဝယ်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Colony Capital LLC မှ ၎င်းလုပ်ငန်း ထူထောင်သူ Tom Barrack ထံ ဆက်သွယ်ပြီး ဝယ်ခိုင်းလိုက်တာ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် အသက် ၅၀ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့သူ မိုက်ကယ် ဂျက်ဆင်က လော့အိန်ဂျယ်လိစ် မြောက်ဖက် ၁၉၃ ကီလိုမီတာ (မိုင် ၁၂၀) မှာ ရှိတဲ့ Los Olivos မှာ အိမ်ခြံမြေကို ၁၉၈၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၉ သန်းခွဲဖြင့် ဝယ်ယူခဲ့တယ်။ အဲဒီခြံဝင်းကျယ်ကြီးက Neverland Ranch  ဖြစ်လာခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာ မိုက်ကယ်ဂျက်ဆင် ငွေရေးကြေးရေး မပြေမလည် ဖြစ်လို့ ပိုင်ဆိုင်မှုကို Colony Capital LLC လက်ထဲ အပ်နှံထားပြီး ချေးငွေ ရယူခဲ့ပါတယ်။ အဲဒါကြောင့်  Colony Capital LLC  ကို ဆက်သွယ်ပြီး ဘီလျံနာ Burkle က ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

Neverland ဆိုတဲ့ အမည်က Peter Pan ပုံပြင်ဇာတ်လမ်းထဲမှ အမည် ဖြစ်ပါတယ်။ Peter Pan က အရွယ်ရောက်သူ တစ်ဦးဖြစ်ဖို့ ငြင်းဆန်တဲ့ ချာတိတ် ဖြစ်ပါတယ်။ Neverland Ranch ဟာ ဂျက်ဆင် အပန်းဖြေရာ စံအိမ်တော် ဖြစ်ပြီး တိရစ္ဆာန်ဥယျာဉ်၊ အပျော်စီးရထား စတာတွေ ရှိပါတယ်။ ချာတိတ်တွေကို Neverland Ranch အလည်ခေါ်ပြီး ဧည့်ခံလေ့ရှိပါတယ်။ အလည်လာတဲ့ချာတိတ်တွေထဲမှ တစ်ယောက်က ကာယစော်ကားမှု ပြုခဲ့တယ်လို့ မိုက်ကယ်ဂျက်ဆင်ကို ၂၀၀၅ ခုနှစ်မှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ စွပ်စွဲတဲ့ အမှုတွေ အားလုံးမှ လွတ်ခဲ့ပါတယ်။ ဒါပေမဲ့ မိုက်ကယ်ဂျက်ဆင်က Neverland Ranch ကို တစ်သက်လုံး မသွားတော့ဘူးလို့ ယတိပြတ် ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

 

Global Read 330 times