၂ဝ၁၇ခုနှစ်အတွင်း အိမ်ခြံမြေ ဈေးကွက်သုံးသပ်ချက်များ


17 November, 2020

သုံးနှစ်ဆက်တိုက်အေးစက်နေခဲ့သော်လည်း အိမ်ခြံမြေစျေးကွက်သည်လာမည့်နှစ်တွင်မူ ပြန်လည်ကောင်းမွန်လာမည်ဟု အိမ်ခြံမြေစျေးကွက်ကျွမ်းကျင်သူများမှ ခန့်မှန်းသုံးသပ်ကြကြောင်း သိရသည်။

ယခုနှစ်အတွင်းအိမ်ခြံမြေစျေးကွက်အေးနေခဲ့သော်လည်း ကွန်ဒိုတိုက်ခန်းများကမူနှစ်ကုန်ပိုင်းတွင် အရောင်းအဝယ်ဖြစ်လာခဲ့ကြောင်း အိမ်ခြံမြေစျေးကွက်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

၂ဝ၁၇နှစ်ကုန်ပိုင်းတွင် ကွန်ဒိုမီနီယမ်နည်းဥပဒေထွက်ပေါ်လာမှု၊Young Developer Association ကဲ့သို့အဖွဲ့အစည်းများသက်ဝင် လှုပ်ရှားလာမှုနှင့် အိမ်ခြံမြေဆိုင်ရာဘဏ်ချေးငွေများတိုးတက်ဖြစ်ထွန်းလာမှုကြောင့် ၂ဝ၁၈ခုနှစ်တွင် အိမ်ခြံမြေစျေးကွက်တွင်အလားအလာကောင်းများရှိနေကြောင်း Maverick Management ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာမှ ပြောကြားကြောင်း သိရသည်။

Myanmar Real Estate Agencyမှ ဒါရိုက်တာမှ ကွန်ဒိုမီနီယမ်နည်းဥပဒေထွက်ရှိကာ အသက်ဝင်လာသော်လည်း ဥပဒေပါကွန်ဒိုမီနီယမ်ဆိုသည့်သတ်မှတ်ချက်ဖြင့် တိုင်းတာပါက ရန်ကုန်မြို့တွင် စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို)အဖြစ်ရောင်းချနိုင်မည့် အဆောက်အအုံ နည်းပါးသေးသည့်အတွက် အဆိုပါဥပဒေအသက်ဝင်လာသော်လည်း ၂ဝ၁၈ခုနှစ်တွင် ကွန်ဒိုတိုက်ခန်းရောင်းဝယ်မှု၌ အကျိုးသက်ရောက်မှုနည်းပါးနိုင်သေးကြောင်း သုံးသပ်သည်။

အငှားပိုင်းတွင်လည်း ပုံမှန်အတိုင်းသာဆက်ရှိမည်ဟု ခန့်မှန်းပြီး နိုင်ငံစီးပွားရေးတိုးတက်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတို့မှ အိမ်ခြံမြေစျေးကွက်တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ပြောကြားခဲ့ကြောင်းကို သိရသည်။

၂ဝ၁၇ခုနှစ်တစ်ခုလုံးအား ခြုံကြည့်ပါက အရောင်းစျေးကွက်ထက် အငှားစျေးကွက်ကသာဦးဆောင်ခဲ့ပြီး ဝက်ဘ်ဆိုဒ်နှင့် ဖေ့စ်ဘွတ်စာမျက်နှာများမှ တစ်ဆင့်ဝင်ရောက်လာသည့်အိမ်ခြံမြေရောင်းဝယ်ငှားစုံစမ်းမှုများတွင် အငှားစုံစမ်းမှုသည် ၈ဝရာခိုင်နှုန်းကျော်ရှိခဲ့ပြီး အရောင်းအဝယ်အတွက် စုံစမ်းမှုမှာ ၂ဝရာခိုင်နှုန်းသာ ရှိခဲ့ကြောင်းသိရသည်။

၂ဝ၁၇ခုနှစ်အတွင်း အိမ်ခြံမြေဆိုင်ရာပြပွဲများပြုလုပ်ခဲ့သော်လည်းပြပွဲများတွင် အိမ်ခြံမြေတိုက်ခန်းဝယ်ယူမှုနည်းပါးခဲ့သလို အွန်လိုင်းဝက်ဘ်ဆိုဒ်မှ တစ်ဆင့် အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ရန် ဝင်ရောက်ကြည့်ရှု့မှုမှာလည်း ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ပုံမှန်ပင်ဖြစ်ကြောင်း သိရသည်။

Real Estate & Properties Read 74 times