မန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး


10 January, 2021

တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်သော မြန်မာနိုင်ငံ မန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ဆိုင်ရာ နားလည်မှုစာချွန်လွှာအား ယနေ့ ဇန်နဝါရီ ၁၀ ရက်တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သိရသည်။ 
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က နှစ်ဦးနှစ်ဖက် ရထားလမ်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် ကပ်ရောဂါအခြေအနေကိုကျော်လွှား၍ ဆက်တိုက်တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုများသည် အလွယ်တကူရရှိလာခြင်းမဟုတ်ကြောင်း၊
ယင်းသည် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို သက်ဝင်လှုပ်ရှားစွာ ဖော်ပြနေခြင်းဖြစ်ကြောင်း၊
တရုတ်ပြည်တွင်း ယူနန် တာလီ မှ ရွှေလီ အထိ ရထားလမ်းပိုင်းသည် ၂၀၂၃ ခုနှစ်ကုန်တွင် ဖောက်လုပ်ပြီးစီး၍ ရထားပြေးဆွဲနိုင်မည်ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်အထိ ပေါက်ရောက်မည်ဖြစ်ကြောင်း၊
တရုတ်-မြန်မာရထားလမ်း ချိတ်ဆက်ခြင်းနှင့် မြန်မာနိုင်ငံပြည်တွင်း ရထားလမ်း ဖောက်လုပ်ခြင်းသည် မြန်မာနိုင်ငံနှင့် လူဦးရေ ၁.၄ ဘီလီယံရှိသော ကြီးမားသည့်စျေးကွက်ကြီး၊ ကျယ်ပြန့်သော အာရှ-ဥရောပကုန်းမြေ (Eurasia) ကို ပိုမိုနီးကပ်စွာ ချိတ်ဆက်ပေးနိုင်မည်ဖြစ်ကြောင်း၊
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုဘဝ ကောင်းမွန်လာရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ပြည်တွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားဖြည့်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
အဆိုပါ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင် နှင့် မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၏ ရှေ့မှောက်၌ China Railway Eryuan Engineering Group Co.,Limited မြန်မာနိုင်ငံ အမှုဆောင်ကိုယ်စားလှယ် M. Wang Guoliang နှင့် မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးအောင်ဝင်းတို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ 
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မန္တလေး-ကျောက်ဖြူရထားလမ်းပိုင်း အပါအဝင် တရုတ်-မြန်မာရထားလမ်း ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ “The Belt and Road” နှင့် စီးပွားရေးစင်္ကြံ အတူတကွတည်ဆောက်ရေး၏ အရေးပါစီမံကိန်းဖြစ်ရာ မြန်မာနိုင်ငံမှ များစွာအလေးထားကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရထားလမ်းလုပ်ငန်းအပေါ် ကာလကြာရှည်စွာ ထောက်ခံအားပေး ကူညီသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ရထားလမ်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများကို အကျိုးကျေးဇူးများ ခံစားရစေမည်ဟု ယုံကြည်ကြောင်း၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည်လည်း ပူးပေါင်းဆောင်ရွက်မှုအတွင်း ပိုမိုနက်ရှိုင်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ မြန်မာနိုင်ငံသို့ ခရီးစဉ် လာရောက်စဉ်အချိန်က China Railway Eryuan Engineering Group Co.,Limited မှ မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ မူဆယ်-မန္တလေးရထားလမ်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု အစီရင်ခံစာ တင်ပြခဲ့ကြောင်း ၊ တစ်နှစ်တာကာလအတွင်း နှစ်ဦးနှစ်ဖက်အတူ နည်းပညာအစီအစဉ်နှင့် ငွေကြေးထည့်ဝင်မှုနည်းလမ်းများ နှင့်စပ်လျဉ်း၍ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြောင်း နှင့် ယခုအကြိမ်တွင် နှစ်ဦးနှစ်ဖက်သည် မန္တလေး-ကျောက်ဖြူရထားလမ်းပိုင်း ဖြစ်မြောက်နိုင်ခြေလေ့လာမှုကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Xinhua, Chinese Embassy in Myanmar

 

 

 

Local Infrastructure and Zones Read 885 times