မာလာကာ ဆုမာတြာ ဥမင်စီမံကိန်းကြီး တင်ပြ


11 September, 2022

မာလာကာ ဆုမာတြာ ဥမင်စီမံကိန်းကြီး တင်ပြ


အင်ဒိုနီးရှားနှင့် မလေးရှားကို ဆက်သွယ်ရန် ပင်လယ်ကို ဖြတ်သန်းပြီး ကီလိုမီတာ ၁၂၀ အရှည်ရှိ တံတား သို့မဟုတ် ဥမင်လိုဏ်ခေါင်း တည်ဆောက်ရန် အစီအစဉ်မှာ နှစ်ပေါင်း ၂၀  ကြာမြင့်မည် ဖြစ်သည်။


အင်ဒိုနီးရှားနိုင်ငံ၊ ဆုမာတြာရှိ ဒူမိုင်းနှင့် မလေးရှားနိုင်ငံရှိ မာလာကာတို့အကြားတွင် ကြားခံနေသည့် ပင်လယ်ပြင်ကို ဖြတ်သန်းပြီး ဆက်သွယ်ပေးမည့် အလွန်ရည်မှန်းချက်ကြီးမားသော စီမံကိန်းကို စက်တင်ဘာ ၈ ရက်က လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သည်။

 

 

အဆိုပါ အစီအစဉ်ကို Melaka Investment, Industry, Entrepreneur Development and Cooperatives Committee ဥက္ကဋ္ဌ Ab Rauf Yusoh မှထုတ်ဖော်ပြောကြားခဲ့သည်ဟု မလေးရှားမီဒီယာ Bernama က သတင်းဖော်ပြသည်။
 

 

မာလာကာရှိ Masjid Tanah မှ Telok Gong တွင် ဥမင်လိုဏ်ခေါင်း သို့မဟုတ် တံတားတစ်ခု စတင်မည်ဖြစ်ပြီး အဆိုပြုထားသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကြီးသည် ပုဂ္ဂလိကကဏ္ဍမှ အကောင်အထည်ဖော်မည်ဖြစ်ပြီး  ပြီးမြောက်ရန် နှစ် ၂၀ အချိန်ယူရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆောက်လုပ်ပြီးစီးသည့်အခါ ပင်လယ်ရေကြောင်းလမ်းအဖြစ် အသုံးပြုနေသည့် မာလာကာရေလက်ကြား ကြားခံနေသော်လည်း နှစ်နိုင်ငံအကြား ကူးလူးသွားလာရန် အချိတ်အဆက် ရှိနေမည်ဟု ၎င်းက ပြောကြားခဲ့သည်။
ဗီဒီယို မှတ်တမ်းရိုက်ကူးနေသော ကင်မရာသို့  ကြည့်ရင်း ပြောပြနေသော Ab Rauf သည် အစီအစဉ် ရှေ့ဆက် အကောင်အထည် ဖော်ဖြစ်မည်ဟု ယုံကြည်မှု အပြည့်ရှိနေသည်။

 Ab Rauf က "စီမံကိန်းဆိုင်ရာ အဆိုပြုချက်ကို ပုဂ္ဂလိကကဏ္ဍက တင်ပြထားပြီး နှစ်နိုင်ငံစလုံးက ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာဖို့ မူအားဖြင့် သဘောတူထားပါတယ်" ဟု ပြောကြားကြောင်း Bernama က သတင်းဖော်ပြပါသည်။
 
"ပြည်နယ်အစိုးရဘက်အတွက်လည်း အဆိုပြုထားတဲ့ လမ်းကြောင်းသစ် တည်ဆောက်မယ့်နေရာကို  အစိုးရဌာနအားလုံးကို မနေ့က ကျွန်တော်တို့ ခေါ်ပြပြီးပါပြီ” ဟု Ab Rauf က ပြောကြားသည်။

မာ‌လာကာရေလက်ကြားကို ဖြတ်ပြီး ချိတ်ဆက်မှု ပြီးစီးပါက နှစ်နိုင်ငံစလုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးမားသော သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါစီမံကိန်းသည် "One Belt One Road" အယူအဆကို အသုံးပြု၍ တည်ဆောက်မည်ဖြစ်ပြီး မလေးရှားနှင့် အင်ဒိုနီးရှားတို့အတွက် ပြယုဂ်အသစ်ဖြစ်လာမည်ဟု Ab Rauf က ပြောကြားခဲ့သည်။

စီမံကိန်းကို Melaka Corporation မှ ဆောင်ရွက်မည်ဖြစ်ပြီး Masjid Tanah တွင် မြို့သစ်ထူထောင်ရန်အတွက်လည်း အထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်း Ab Rauf က ပြောကြားခဲ့သည်။
Source CNA
#MyanmarBuilderGuide 

Telegram Channel  https://t.me/Guid4U

Infrastructure and Zones Read 482 times