တိုက်ခန်းငှားနေသူ များပြားလာခြင်းက ကိုယ်ပိုင်အိုးအိမ်အနာဂတ်ကို ခြိမ်းခြောက်နေ


01 September, 2021

အိုးအိမ်ဦးစီးဌာနမှ အိပ်ခန်း တစ်ခန်းပါ တိုက်ခန်းများနဲ့ အိပ်ခန်း နှစ်ခန်းပါတိုက်ခန်းများမှာ နေထိုင်ကြတဲ့ မလေး  မိသားစုဦးရေက ၂၀၂၀ ခုနှစ်မှာ ၁၈၆,၀၀ အထိ ကြီးထွားလာခဲ့ပါတယ်။ အငှားတိုက်ခန်းတွေက ဈေးသက်သာတာကြောင့် တိုက်ခန်း အပိုင်ဝယ်မယ့်အစား အငှားဖြင့် နေထိုင်ကြတဲ့ မိသားစုတွေ ပိုများလာတာဖြစ်တယ်။ ကိုယ်ပိုင်အိုးအိမ် ပိုင်ဆိုင်ဖို့ စိတ်ကူးတွေ ရှိမှ ဖြစ်မယ်လို့ စင်ကာပူနိုင်ငံ မွတ်ဆလင်ရေးရာဝန်ကြီး Mr Masagos Zulkifl က ပြောကြားပါတယ်။ 
Mr Masagos က “တိုက်ခန်းအငှားတွေက အတော်ဈေးသက်သာနေပြီး တတ်နိုင်ဖို့ မခဲယဉ်းဘူး။ တကယ်လို့ သူတို့က အငှားတိုက်ခန်းတွေမှာပဲ နေထိုင်ကြတာ အကျင့်ဖြစ်သွားရင် ကိုယ်ပိုင်တိုက်ခန်း ဝယ်ဖို့ စိတ်ကူးရှိတော့မှာ မဟုတ်ဘူး။ အဲဒီလို ဖြစ်သွားရင် အငှားအိုးအိမ်မှာ ခိုင်မာစွာ အမြစ်တွယ်နေတဲ့ မျိုးဆက်တစ်ဆက် ရှိလာလိမ့်မယ်” လို့ ဆိုပါတယ်။ 

မလေးအသိုင်းအဝိုင်းအနေဖြင့် ကိုယ်ပိုင်အိုးအိမ် စိတ်ကူးကို မဖြစ်မနေ ထားရှိကြရမယ်။ အိုးပိုင်အိမ်ပိုင် ဖြစ်ရခြင်းဟာ စင်ကာပူအဖို့ တန်ဖိုးတစ်ခု ဖြစ်ပြီး ဘယ်သောအခါမှာ လက်လျှော့စွန့်လွှတ်လို့ မဖြစ်ဘူးလို့ သူက ပြောပါတယ်။ 
အငှားတိုက်ခန်းဖြင့် နေထိုင်ကြတဲ့ မလေးအိမ်ထောင်စုဦးရေက ၂၀၁၀ ခုနှစ်မှာ ၉,၁၀၀ ခန့် ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ၁၈၆,၀၀ ဖြစ်နေပါတယ်။ 
အိုးအိမ်ဦးစီးဌာနအနေဖြင့် ကိုယ်ပိုင်တိုက်ခန်း မဝယ်နိုင်တဲ့အတွက် အိမ်ထောင်ပြုပြီးချိန်မှာ မိဘနဲ့အတူ ဆက်လက်နေထိုင်ကြတဲ့အတွက် အိုးအိမ်တိုက်ခန်းတွေမှာ လူတွေ ပြွတ်သိပ်နေတာ လျှော့ချနိုင်ဖို့ ဈေးနှုန်းချိုသာတဲ့ အငှားတိုက်ခန်းတွေ ဆောက်လုပ် ငှားရမ်းပြီး ဖြေရှင်းပေးလျက် ရှိပါတယ်။ ၂၀၂၁ ခုနှစ် စတုတ္ထ သုံးလပတ်မှာ နောက်ထပ် အငှားတိုက်ခန်း ၈၀၀ ပြီးစီးမှာ ဖြစ်ပြီး စာရင်းပေးထားတဲ့သူတွေကို ငှားရမ်း ပေးသွားမှာ ဖြစ်တယ်။ အခုလို ဖြေရှင်းပေးနေတာ ရေတိုပြေလည်ဖို့ အတွက်သာဖြစ်ပြီး ရာသက်ပန် အငှားတိုက်ခန်းနဲ့ပဲ နေသွားကြမယ်ဆိုရင် ကိုယ်ပိုင်အိုးအိမ်အနာဂတ်ကို ခြိမ်းခြောက်ရာ ရောက်နေကြောင်း ဝန်ကြီးက သတိပေးပြောကြားခဲ့ပါတယ်။ 
 

Global Read 2589 times