မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ အကြီးစားပြန်လည်ပြင်ဆင်မှု (၅၂%) ပြင်ဆင်ပြီးစီး

11 January, 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလ တွင်လှူဒါန်းထားသည့်ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းတွင်ရှိသော အမျိုးသားဇာတ်ရုံအား ၂၀၁၉ ခုနှစ်မှစတင်၍ (၂) နှစ်တာ project ဖြင့် ဇာတ်ရုံအတွင်းပိုင်းပြင်ဆင်မှုများအား တရုတ်နိုင်ငံမှကျွမ်းကျင်ပညာရှင်များမှတာဝန်ယူပြင်ဆင်လျက်ရှိပါသည်။

COVID - 19 ကာလအတွင်းမှာပင် လုပ်ငန်းခွင်ရပ်နားခြင်းမရှိဘဲ ပြည်တွင်းပြည်ပအလုပ်သမား (၁၀၀) ကျော်အားအမျိုးသားဇာတ်ရုံဝင်းအတွင်း camp ထားရှိကာ လုပ်ငန်းခွင်အား လည်ပတ်စေခြင်းဖြစ်သဖြင့် ယခုအခါ ဇာတ်ရုံပြင်ဆင်မှုမှာ (၅၂%) ပြီးစီးနေပြီဖြစ်သည်ဟုသိရှိရပါသည်။

ယခုအခါ နှစ်ပေါင်း(၃၀)ကျော်ကြာမြင့်နေပြီဖြစ်သည့် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ၏ ပင်မအဆောက်အအုံ ကြံ့ခိုင်မှု၊ အသံစနစ်၊ မီးအလင်းအမှောင်စနစ်၊ LED စနစ်၊လေအေးပေးစက်စနစ်များအား ပြန်လည်စစ်ဆေးမွမ်းမံမှုများ ပြုလုပ်နေကာ ဇာတ်ရုံကြီး၏ လုံခြုံမှုအဆင့်အတန်းအတွက် CCTV များတပ်ဆင်မည်ဖြစ်သည်။

ထို့အပြင် မျှော်လင့်မထားသည့် မတော်တဆမှုအန္တရာယ် ပေါ်ပေါက်လာပါက မီးငြိမ်းသတ်ရေးစနစ်နှင့် ဧည့်ပရိသတ်များ အဆောက်အအုံတွင်းမှ အလွယ်တကူထွက်ခွာနိုင်ရန်စနစ်များလည်း ဖြည့်ဆည်းဆောင်ရွက်မှာဖြစ်သည်ဟု သတင်းရရှိပါသည်။

MRTV

Factory and Industrial Plant Read 453 times