တန်ဖိုးမျှတ အိမ်ရာစီမံကိန်း အပိုင်း(၂) တိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်


18 December, 2019

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၈)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းနှင့် ဘုရှင့်နောင်လမ်းထောင့်ရှိ ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်းအပိုင်း (၂) တည်ဆောက်ပြီးစီးသော တိုက်ခန်းများကို အရစ်ကျဝယ်ယူမှု၊ဘဏ်ချေးငွေဖြင့် ဝယ်ယူနိုင်ပြီး ဘဏ်ချေးငွေမှာ အနည်းဆုံး လေးနှစ် ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။

ထိုအဆောက်အဦးများသည် (၄)ခန်းတွဲ၊ (၈)ထပ်တိုက် အဆောက်အဦး(၈)လုံးဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးမှူး၍ မြန်မာဗွီပိုင် ကုမ္ပဏီလီမိတက်က ဆောက်လုပ်လျက်ရှိသည်။

အရစ်ကျဖြင့် ဝယ်ယူလိုမည်ပါက ဆောက်လုပ်နေဆဲ တိုက်ခန်းတစ်ခန်းအတွက် စာချုပ်ချုပ်ဆိုသည့်အခါတွင် ၃၀ ရာခိုင်နှုန်း ပေးချေပြီး ဒုတိယထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ စတုတ္ထထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ ဆဋ္ဌမထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ တိုက်အမိုးမိုးပြီးချိန်တွင် ၁၅ ရာခိုင်နှုန်းနှင့် တိုက်ခန်း ဆောက်လုပ်ပြီးစီးသည့် အချိန်တွင် ၁၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။

ဘဏ်ချေးငွေဖြင့် ဝယ်ယူမည်ဆိုပါက U ၆၀၀ အမျိုးအစား၏ Type A မှ ၆၁၄ စတုရန်းပေရှိသည့် အခန်းကို တန်ဖိုးကျပ် ၂၈၅ သိန်းနှင့် U ၉၀၀ အမျိုးအစား၏ Type A မှ ၉၀၀ စတုရန်းပေရှိသည့် အခန်းကို တန်ဖိုးကျပ် သိန်း ၃၇၀ တို့အား ကြိုတင်ငွေ ၃၀ ရာခိုင်နှုန်း၊ (Bank Commision Chgarge) ၁ ရာခိုင်နှုန်း၊ ပထမနှစ်ဘဏ်တိုး ၉ ရာခိုင်နှုန်းတို့ပေါင်း၍ စုစုပေါင်း ၄၀ ရာခိုင်နှုန်းအား စာချုပ်ချုပ်ဆိုသည့်အချိန်တွင် ပေးချေရမည်ဖြစ်ပြီး၊ ဒုတိယနှစ်၊တတိယနှစ်နှင့် စတုတ္ထနှစ်တို့တွင် ဘဏ်တိုး ၅ ရာခိုင်နှုန်းဖြင့်သာ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

Local Read 92 times