အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအတွက် ဘယ်မြို့တွေမှာ အငှားအိမ်ရာ တည်ဆောက်နေတာလဲ


05 May, 2019

အငြိမ်းစားနိုင်ငံဝန်ထမ်းများအတွက် ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် တို့တွင် အငှား အိမ်ရာများ ဆောက်လုပ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်း က ပြောသည်။

မေ ၁၇ ရက် နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ၎င်းကအထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
 
" ကျွန်တော်တို့ အမြဲတမ်းနိုင်ငံ ဝန်ထမ်း အငြိမ်းစားတွေအတွက်ကို အမြဲတမ်း စဉ်းစားနေတာရှိပါတယ်။ အခုလက်ရှိ ရန်ကုန်ရယ်၊ မန္တလေး ရယ်၊ နေပြည်တော်ရယ်မှာ နိုင်ငံဝန်ထမ်း အငှားအိမ်ရာဆိုပြီးတော့ ကျွန်တော်တို့ဆောက်နေတာ''ဟု ၎င်းက ပြောသည်။
၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်တွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ ဝန်ထမ်းအငှားအိမ်ရာတည်ဆောက်ရန် ကျပ်၁၅ဘီလီယံခွင့်ပြုထားပြီး အခန်းပေါင်း ၈ဝဝကျော်ရ ရှိလာမှာဖြစ်ကြောင်း၊ ယင်းအခန်းများကို လက်ရှိတာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအပါ အဝင် အငြိမ်းစားများအတွက်လည်း ထည့်သွင်းစဉ်စားဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်တစ်နှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၃၃၂၂ ခန်း တည်ဆောက်ပေးနိုင်ခဲ့သလို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဥမ္မာဒန္တီအိမ်ရာစီမံကိန်း တွင် အိမ်ခန်းပေါင်း ၆၇၆ ခန်း၊ ပြည်တော်သာ စီမံကိန်းတွင် အိမ်ခန်း ပေါင်း ၉၆ ခန်းနှင့် ကရင်ပြည်နယ် ဘားအံမြို့ ကြာအင်းတောင်စီမံကိန်းတွင် အိမ်ခန်းပေါင်း ၄၈ ခန်း တို့ကို ရောင်းချပေးလျက်ရှိ ကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၎င်းတို့၏တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ်ဂျက်ဖြင့် ဝန်ထမ်းအိမ်ရာ ၁၅၇ လုံး၊ အခန်းပေါင်း ၂၄၈၄ခန်းနှင့် ပြည်ထောင်စု ဘဏ္ဍာငွေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များတွင် နိုင်ငံဝန်ထမ်း အငှားအိမ်ရာတိုက် ၂၅ လုံး၊ အခန်း ၈၆ဝ ခန်းအား တည်ဆောက်လျက် ရှိကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

Public Housing Read 110 times