နှစ်ရှည်ဘဏ်ချေးငွေနဲ့ ကိုယ့်ရဲ့စိတ်ကူးအိမ်


05 December, 2019

အဆောက်အဦဆောက်လုပ်လိုသူများတွက် နှစ်ရှည်အရစ်ကျ ငွေပေးချေမှုစနစ်အား မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်မိတ်ဆက်လိုက်ပါသည်။ အဆိုပါအစီအစဉ်အား ကမ္ဘောဇဘဏ်၊ MYANMAR ART Construction & Development Co.,Ltd နှင့် iMyanmar House.com တို့မှ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်သည် နိုင်ငံသားများ၏ ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်လိုသည့် စိတ်ကူးအိမ်မက်ကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ MYANMAR ART Construction & Development Co.,Ltd၊ iMyanmarHouse.com တို့နှင့် ပူးပေါင်းကာ အဆောက်အဦးဆောက်လုပ်လိုသူများအတွက် မြန်မာနိုင်ငံတွင် နှစ်ရှည်အရစ်ကျ ငွေပေးချေခြင်းစနစ်အား ပထမဆုံး စတင်ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါသည်။ အဆောက်အဦးဆောက်လုပ်လိုသူများအတွက် အဆိုပါ ဝန်ဆောင်မှုအစီအစဉ်အား မြန်မာနိုင်ငံအတွင်းရှိ မည်သည့် နေရာဒေသ နှင့် အဆောက်အအုံအတွက်မဆို နှစ်ရှည်အရစ်ကျစနစ်ဖြင့် တည်ဆောက်ပေးသွားမည် ဖြစ်ပါသည်။

“ကမ္ဘောဇဘဏ်မှ ဒီဝန်ဆောင်မှုအတွက် နှစ်ရှည်ချေးငွေများ ထုတ်ချေးပေးသွားမှာပါ။ ချေးငွေများကို လုပ်ငန်းတန်ဖိုး(အိမ်တန်ဖိုး)ရဲ့ ၇၀ရာခိုင်နှုန်းကို ထုတ်ချေးပေးသွားမှာဖြစ်ပြီး လူနေအိမ် အဆောက်အဦးများအတွက် ဂရန်သက်တမ်းပေါ်မူတည်ပြီး အရစ်ကျငွေပေး ချေနိုင်တဲ့ သက်တမ်းကို အများဆုံး (၂၅) နှစ်ထိ ချေးငွေရရှိအောင် Case by case ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အခြားစီးပွားရေးဆိုင်ရာ အဆောက်အအုံများ (ဥပမာ ဟိုတယ်၊ မိုတယ်၊ စားသောက်ဆိုင်၊ အဆောင်၊ စက်ရုံ၊ ဂိုဒေါင်နဲ့ အခြားအဆောက်အုံ) အတွက် လုပ်ငန်းပေါ်မူတည်ပြီး အရစ်ကျငွေပေးချေနိုင်တဲံ သက်တမ်းကို (၃) နှစ်အထိ ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင် အဆောက်အဦးကို ပြန်လည်ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းများအတွက်လည်း ချေးငွေလျှောက်ထားနိုင်ပါတယ်။ ဒီဝန်ဆောင်မှုအတွက် အရစ်ကျ ချေးငွေအတိုးနှုန်းကို (၁၃) ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။” ဟု ကမ္ဘောဇဘဏ်၊ အိမ်ရာချေးငွေ ဌာနမှူးဖြစ်သူ ဦးဌေးအောင်ကျော် က ပြောပါသည်။

နှစ်ရှည်အရစ်ကျနှင့် ဆောက်လုပ်ခြင်းအတွက် ပထမဦးဆုံးအနေဖြင့် မြေအမျိုးအစားက နိုင်ငံတော် အသိအမှတ်ပြုထားသော ပိုင်ဆိုင်မှုခိုင်မာကြောင်း ပြသနိုင်သည့် မြေဖြစ်မဖြစ် စစ်ဆေးသွားမည်ဖြစ်ပါသည်။ ဒုတိယအချက်အနေဖြင့် ဝင်ငွေခိုင်မာမှု ရှိ/မရှိ ဆက်လက် စစ်ဆေးသွားမည်ဖြစ်ပါသည်။ ဝင်ငွေခိုင်မာမှုရှိပြီး မြေအမျိုးအစားသည်လည်း နိုင်ငံတော်အသိအမှတ်ပြုထားကြောင်း ခိုင်မာပါက နှစ်ရှည်အရစ်ကျစနစ်ဖြင့် ဝန်ဆောင်မှုကို လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
အဆိုပါ ဝန်ဆောင်မှုနှင့်ပတ်သက်၍ iMyanmarHouse.com မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက “ကျွန်တော်တို့ iMyanmarHouse.com အနေနဲ့ ဈေးကွက်ရှာဖွေရေးနဲ့ ဈေးကွက်ဖော်ဆောင်ရေးအပိုင်းကို MYANMAR ART Construction & Development Co.,Ltd နှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ဒီနှစ်ရှည်အရစ်ကျ ငွေပေးချေစနစ်နဲ့ အဆောက်အဦးဆောက်လုပ်ပေးတဲ့ ဝန်ဆောင်မှုကို ပထမဦးဆုံး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ‘မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်ရမယ်ဆိုတာ’ က ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်တစ်ခုဖြစ်ပြီး ဒီဆောင်ပုဒ်နဲ့အညီ ကိုယ်ပိုင်အိမ်ပိုင်ဆိုင်လိုသူများအတွက် နှစ်ရှည်ဘဏ်ချေးငွေနဲ့ ကိုယ့်ရဲ့စိတ်ကူး အိပ်မက်ထဲက အိမ်တစ်လုံးကို တည်ဆောက်နိုင်ဖို့ ဆန်းသစ်တီထွင်တဲ့ ဒီဝန်ဆောင်မှုကို စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောပါသည်။

နှစ်ရှည်အရစ်ကျစနစ်ဖြင့် ဆောက်လုပ်လိုသူများအတွက် ကနဦးစတင်လျှောက်ထားရာတွင် မြေပိုင်ဆိုင်မှုအထောက်အထားမိတ္တူ၊ ဝင်ငွေရလမ်းဖော်ပြချက်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊ အသုံးပြုနေသည့် ဘဏ်စာရင်းရှင်းတမ်း (၆) လစာတို့ဖြင့် စတင်လျှောက်ထားနိုင်ပြီဖြစ်ပြီး အဆိုပါ စာရွက်စာတမ်းများအား MYANMAR ART Construction & Development Co.,Ltd မှ စစ်ဆေးပြီး ကမ္ဘောဇဘဏ်သို့ ပဏာမစစ်ဆေးနိုင်ရန် တင်ပြပေးသွားမည်ဖြစ်ပါသည်။ ကမ္ဘောဇဘဏ် မှ Customer တင်ပြလာသော ဝင်ငွေအချက်အလက်များကို ပဏာမစစ်ဆေးပြီး Home Construction Loan ရနိုင်၊ မရနိုင်အား ပြန်လည်အကြောင်းကြားမည်ဖြစ်ပါသည်။

 ဘဏ်မှအကြောင်းပြန်ချက် ရရှိပြီးနောက် ချေးငွေလျှောက်ထားသူ နှင့် MYANMAR ART Construction & Development Co.,Ltd တို့ အတူတကွဆွေးနွေးပြီး ဒီဇိုင်း ရေးဆွဲခြင်း၊ ဈေးနှုန်းတွက်ချက်ခြင်းများ ဆက်လက်လုပ်ဆောင်မည် ဖြစ်ပါသည်။ ဒီဇိုင်းနှင့် ဈေးနှုန်း များ ရေးဆွဲပြီး နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိပါက MYANMAR ART Construction & Development Co.,Ltd မှ ကမ္ဘောဇဘဏ်သို့ အဆောက်အဦးပုံစံ၊ ဈေးနှုန်းတို့ကို တင်ပြ၍ အတည်ပြုချက်ရယူမည်ဖြစ်သည်။ ဘဏ်မှအတည်ပြုချက်ရရှိပြီးပါက ဆောက်လုပ်ခွင့် တင်ခြင်း၊ ဘဏ်ချေးငွေမြေပုံထုတ်ခြင်းများအား ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ပြီးပါက MYANMAR ART Construction & Development Co.,Ltd နှင့် စာချုပ်ချုပ် ဆိုခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

ထိုသို့စတင်ဆောင်ရွက်သည့်အချိန်တွင် နှစ်ဦးသဘောတူစာချုပ်၊ ဆောက်လုပ်ခွင့်၊ ဘဏ်ချေး ငွေမြေပုံထုတ်စာရွက်စာတမ်းများ၊ ဝင်ငွေရလမ်း ဖော်ပြချက်များဖြင့် ကမ္ဘောဇဘဏ်သို့ တရားဝင်ပြန်လည် လျှောက်ထားမည်ဖြစ်သည်။ ထိုသို့လုပ်ငန်းဆောင်ရွက်ခြင်းများ အတွက် ဘဏ်ဘက်မှ အချိန်ကာလအားဖြင့် အလုပ်လုပ်ရက် (၁၄)ရက်မှ တစ်လ ခန့်အထိသာ ကြာမြင့်မည်ဖြစ်ပါသည်။
 
MYANMAR ART Construction & Development Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဦးကျော်စွာဟိန်း မှ “ကမ္ဘောဇဘဏ်က ချေးငွေခွင့်ပြုမိန့်ကျလာပြီဆိုရင် ဘဏ်ကိုပိုင်ဆိုင်မှု စာရွက်စာတမ်းမူရင်းများ အပ်နှံရပါမယ်။ ပြီးရင် ချေးငွေကို စတင်အသုံးပြုနိုင်ပါပြီ။ ဒီအချိန်အတွင်းမှာလည်း ဆောက်လုပ်ရေး လုပ်ငန်းများလည်း စတင်ဆောင်ရွက်နေမည်ဖြစ်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။ MYANMAR ART Construction & Development Co.,Ltd မှ ချေးငွေ စတင်လျှောက်ထားခြင်းမှ စတင်ကာ ဆောက်လုပ်ရေး လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီး BCC ကျသည်အထိ ဆက်လက်တာဝန်ယူဆောင်ရွက် ပေးမည်ဖြစ်ပါသည်။

ဤဝန်ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက iMyanmarHouse.com ၏ Hot Line ဖုန်းနံပါတ်များဖြစ်သော ဝ၉-၄၅၅၂၉၄၈၄၁-၅ များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Source: iMyanmarhouse

Local Bank Loan Read 392 times