ရာဘာအရည်အသွေးမြှင့်စက်ရုံတည်ဆောက်ရန်ပြည်နယ်အစိုးရမှချေးငွေထောက်ပံ့မည်


03 November, 2020

မွန်ပြည်နယ်တွင်ရာဘာလုပ်ငန်းသည်အဓိကလုပ်ကိုင်နေသည့် လုပ်ငန်းများထဲမှ တစ်ခုဖြစ်သော်လည်းရာဘာ ဈေးကွက်မှာကမ္ဘာ့ဈေးကွက်နှင့်နှိုင်းယှဉ်လျှင် နိမ့်ကျနေခြင်းကြောင့် ရာဘာများအရည်အသွေးပြည့်မှီရန် နှင့် ဈေးကွက်ကောင်းလာစေရန် မွန်ပြည်နယ်(၁၀)မြို့နယ်လုံးတွင်ရာဘာအရည်အသွေးမြှင့်စက်ရုံများတည် ဆောက်သွားရန် ပြည်နယ်အစိုးရနှင့်သက်ဆိုင်ရာဌာနများ ညှိနှိုင်းဆွေးနွေးနေကြောင်းရာဘာလုပ်ငန်းရှင် များထံမှ သတင်းရရှိကြောင်းသိရသည်။

မွန်ပြည်နယ်ထွက် ရာဘာများသည်သက်ဆိုင်ရာဌာနများ၏ ထောက်ပံ့ပေးမှုနှင့် နည်းပညာအကူအညီ လိုအပ်ချက်များကြောင့်အရည်အသွေးညံ့ဖျင်းနေပြီး

ပြည်ပသို့တင်ပို့နိုင်သည့်အရည်အသွေးမထုတ်နိုင်ဘဲ ရာဘာဈေးကွက်ကျဆင်းနေကြောင်း၊ထိုသို့မဖြစ်စေရန်ပြည်နယ်အစိုးရ၏အကူအညီဖြင့်

မွန်ပြည်နယ်(၁၀) မြို့နယ်လုံးတွင်ရာဘာအရည်အသွေးမြှင့်စက်ရုံတည်ဆောက်ရန်စီစဉ်နေကြောင်းသိရသည်။

ရာဘာအရည်အသွေးမြှင့်စက်ရုံအားမွန်ပြည်နယ်(၁၀)မြို့နယ်လုံးတွင်တည်ဆောက်ရန် စီစဉ်နေပြီးစက်ရုံ တစ်ရုံအတွက်သိန်း၂၀၀၀ကုန်ကျမည်ဆိုပါက

ပိုင်ရှင်မှသိန်း(၈၀၀)နှင့် ပြည်နယ်အစိုးရမှ သိန်း(၁၂၀၀) ထောက်ပံ့ပေးရန်စီစဉ်နေကြောင်းသိရသည်။

အရည်အသွေးမြင့်ရာဘာစက်ရုံအား တစ်မြို့နယ်တွင် တစ်ရုံဆောက်သွားမည်ဆိုပါက အရည်အသွေးမြင့်ရာဘာများအားများများထုတ်လုပ်နိုင်မည့်အနေအထားရှိလာနိုင်ကြောင်း၊

အဓိက အခက်အခဲမှာအရင်းနှီးပိုင်းဖြစ်ပြီးဘဏ်ချေးငွေအခက်အခဲရှိကြောင်း၊ပြည်နယ်အစိုးရပိုင်းတွင်လည်း ရင်းနှီးမြှုပ်နှံ မှုအပိုင်းမှာ ပူးပေါင်းပါဝင်ပေးရန်ဆွေးနွေးထားမှုများရှိကြောင်းသိရသည်။

မွန်ပြည်နယ်မှထွက်ရှိသည့် ရာဘာများအားဂျပန်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့မှဝယ်ယူရန်ကမ်းလှမ်းထားကြောင်း မွန်ပြည်နယ်၊ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။

လက်ရှိRSS1အရည်အသွေးအတွက် မုဒုံပေါက်ဈေးမှာ၉၀၀အထက်ရှိပြီး၉၂၀မှ ၉၅၀ကြားရှိကြောင်းသိရသည်။

မွန်ပြည်နယ်မှရာဘာလုပ်ငန်းရှင်များရာဘာလုပ်ငန်းပြည်လည်ဦးမော့လာစေရန်ဘဏ်ချေးငွေထောက်ပံ့မှုများအားမျှော်လင့်နေပြီးဇူလိုင်လတွင်ရာဘာဈေးနှုန်းတစ်ပေါင်လျှင်၈၄၀ကျပ်သာပေါက်ဈေးရှိခဲ့ပြီးသြဂုတ်လတွင်ရာဘာဈေး ပြန်လည်မြင့်တက်လာကြောင်းသိရသည်။

မြန်မာ့ ရာဘာ ဈေးသည် ကမ္ဘာ့ဈေးနှင့် နှှိုင်းယှဉ်ကြည့်ပါက တစ်ပေါင်ကို ၂၀၀ ကျပ်ကွာဟနေပြီး တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၀၀၊

တန် တစ်သိန်းကို အမေရိကန်ဒေါ်လာ ၃၀ မီလီယံ(မြန်မာငွေ ၃၉၀ ဘီလီယံ) နစ်နာနေကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် မှရာဘာအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ပေါင်မြို့နယ်နှင့် ကျိုက်မရောမြို့နယ် တို့တွင် ရာဘာအရည်အသွေးမြှင့် စက်ရုံအတွက် သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ လုပ်ဆောင်နေပြီဖြစ်ကြောင်း ရာဘာလုပ်ငန်းရှင်များထံမှ သိရသည်။

ထိုင်းနှင့်အိန္ဒိယတို့တွင်သွားရောက်လေ့လာမှုများအရရာဘာမှာ အရည်အသွေးကောင်းမှုကြောင်းဈေးကောင်း ရရှိကြောင်းသိရသည်။

မွန်ပြည်နယ်တွင် ဆန်စပါးအပါအဝင် ရာဘာအများဆုံးထွက်သော်လည်း ဈေးနှိမ်ခံရပြီးဘဏ်ချေးငွေ နည်းပါးမှုကြောင့် လုပ်ငန်းရှင်များ အခက်တွေ့နေရကြောင်းသိရသည်။

ပြည်ထောင်စု လွှတ်တော်မှ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို လည်းကောင်း၊ မွန်ပြည်နယ်လွှတ်တော်မှ မွန်ပြည်နယ် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းများဥပဒေကိုလည်းကောင်း၊ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဧပြီလ(၉) ရက်နေ့တွင် တစ်ပြိုင်တည်းပြဌာန်းခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။

ထိုစက်ရုံမျိုးအများအပြားတည်ဆောက်နိုင်ပါက မွန်ပြည်နယ်၏ရာဘာလုပ်ငန်းတိုးတက်လာမည်ဖြစ်သည့် အတွက်ပူးပေါင်းပါဝင်ကြသူများအားဖိတ်ခေါ်ကြိုဆိုကြောင်းမွန်ပြည်နယ်၊ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးမှ ပြောဆိုခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ကျိုက်မရောမြို့နယ်နှင့် ပေါင်မြို့နယ်တွင်ထိုစက်ရံအား တိုးချဲ့နေပြီး သထုံ၊ မုဒုံ၊ သံဖြူဇရပ် နှင့် ရေးမြို့နယ်တို့မှာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်နေကြောင်း ၊ မွန်ပြည်နယ်တွင် ရာဘာ ဧက (၅) သိန်း ဝန်ကျင်ရှိပြီး ဧက (၃) သိန်းကျော် ရာဘာထုတ်လုပ်နေကြောင်း ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းများထံမှ သိရသည်။

Source:Facebook

Mixed Use and Urban Region Read 40 times