ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်Li Ka-shingပြောသောအောင်မြင်သူတစ်ဦး ဖြစ်လာစေသည့်နည်းလမ်း (၁ဝ) ရပ်


04 December, 2020

ဟောင်ကောင်၏ အချမ်းသာဆုံးဖြစ်ပြီး ၂ဝ၁၈ ခုနှစ်စစ်တမ်း အရ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များ စာရင်းတွင် နံပါတ် ၂၃ နေရာ၌ ရပ်တည်လျက်ရှိသော Li Ka-shing က ၎င်းကို အောင်မြင်သူတစ်ဦးဖြစ်လာစေသည့် နည်းလမ်း ၁ဝ ရပ်ကို ထုတ်ဖော်ပြောကြားလိုက်ရာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ အလုပ်မှာ အာရုံစိုက်ပါ

“၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက ကျွန်တော်ဟာ Man of the year အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဟောင်ကောင်က ရုပ်သံသတင်းသမားတစ်ယောက်က ကျွန်တော့်ကို တွေ့ဆုံမေးမြန်းခဲ့ဖူးတာလေးတစ်ခု ကျွန်တော်မှတ်မိနေသေးတယ်”

မေးမြန်းသူ။ ။ “မစ္စတာလီခင်ဗျာ၊ လူကြီးမင်းရဲ့ အောင်မြင်မှုမှာ ကံကောင်းမှု ဘယ်လောက်ပါပါသလဲ”

“အချိန်ကာလက သူရဲကောင်းများကို မွေးဖွားပေးသည်ဟူသည့်အချက်ကို ကျွန်တော်မငြင်းလိုပါ။

ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောလိုပါတယ်။ ကျွန်တော်လုပ်ငန်းတွေ စလုပ်ခဲ့တုန်းက ကံကောင်းမှုအပေါ်မှာ လုံးဝအားမကိုးခဲ့ပါဘူး။

ကျွန်တော်အားကိုးခဲ့တာက အလုပ်ကြိုးစားမှုနဲ့ ငွေရှာနိုင်စွမ်း အရည်အချင်းတွေအပေါ်မှာပဲ အားကိုးခဲ့တယ်။ လုပ်ငန်းအပေါ် အာရုံစိုက်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ အကောင်းဆုံးလုပ်နိုင်လာမှာ မလွဲပါဘူး”

၂။ ပိုင်ဆိုင်မှုရှိတယ်ဆိုတဲ့ ခံစားချက် ဝန်ထမ်းတွေကို ပေးပါ

“မိသားစုလုပ်ငန်းနဲ့ လုပ်ငန်းသေးလေးတွေမှာတော့ ခင်ဗျားအနေနဲ့ အရာရာကို ကိုယ်ကြိုက်သလို လုပ်လို့ရနိုင်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီ ကြီးလာပြီဆိုရင်တော့ ခင်ဗျားရဲ့ ဝန်ထမ်းတွေကို

ငါတို့လည်း ပိုင်ဆိုင်မှုရှိတယ်ဆိုတဲ့ ခံစားချက်ပေးဖို့ လိုလာပါပြီ။ ဒါက အရမ်းအရေးကြီးပါတယ်။ ကျွန်တော့်ရဲ့ ထိပ်တန်းဝန်ထမ်းတွေဆိုရင် ဒီအချက်ကြောင့်ပဲ ကျွန်တော်နဲ့ တစ်သားတည်းလို ဖြစ်နေကြတယ်။”

၃။ ငွေကို အချည်းနှီးမဖြစ်ပါစေနှင့်

“မနက်ခင်း တစ်ခုမှာပေါ့။ ကျွန်တော့်အိပ်ကပ်ထဲက ကားသော့ကို ထုတ်လိုက်တုန်း မတော်တဆ ၂ ဒေါ်လာတန် အကြွေစေ့ ပြုတ်ကျသွားပြီး ကားအောက်ကို လိမ့်ဝင်သွားတယ်။

ကားထွက်သွားတာနဲ့ ဒီအကြွေစေ့က မြေအောက်ရေပိုက်လိုင်းထဲ လိမ့်ဝင်သွားတော့မှာပါ။ ဒါနဲ့ ဒီအကြွေစေ့ မဆုံးချင်တာနဲ့ ကားအောက်ကို တွားဝင်ပြီး အကြွေစေ့ကို ပြန်ယူဖို့ လုပ်ပါတယ်။

အစောင့်က ဒါကိုမြင်တော့ ကျွန်တော့်ဆီလာပြီး မေးပါတယ်...မစ္စတာလီ ဘာဖြစ်လို့လဲခင်ဗျ..တဲ့။ ကျွန်တော်က အကြွေစေ့ကျသွားတာပြောတော့ သူက ကားအောက်ဝင်ယူပေးပါတယ်။

အကြွေစေ့ ပြန်ရတော့ ကျွန်တော်သူ့ကို ဒေါ်လာတစ်ရာ ဆုချလိုက်တယ်။ ဘာလို့ ကျွန်တော် ဒီလိုလုပ်ခဲ့လဲ။ အကြွေစေ့ကို ကျွန်တော် မကောက်ခဲ့ဘူးဆိုရင်

ဒီပိုက်ဆံကို မြေအောက်ပိုက်လိုင်းထဲကျပြီး ထာဝရဆုံးရှုံးသွားတော့မှာပါ။ အစောင့်ကို ပေးလိုက်တဲ့ ဒေါ်လာ ၁၀၀ ကတော့ မဆုံးရှုံးနိုင်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ဒီငွေကို သူအသုံးပြုလို့ ရပါတယ်။ ဒီကမ္ဘာကြီးမှာ ငွေဆိုတာ အသုံးပြုဖို့ပါ။ အချည်းနှီးဖြစ်သွားဖို့ မဟုတ်ပါဘူး”

၄။ ဗဟုသုတ ရှာမှီးပါ

“အသက် ၁၂ နှစ်အရွယ်မှာ ကျွန်တော် အလုပ်သင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ၁၅ နှစ်သားမှာ မိသားစုတစ်ခုလုံးကို ပံ့ပိုးပေးနိုင်နေပါပြီ။

အတန်းပညာရေးမရှိခဲ့တော့ အလုပ်ကို အပြင်းအထန်ကြိုးစားပြီး ဗဟုသုတရှာမှီးရမယ်ဆိုတာ ကျွန်တော် အလေးအနက် သဘောပေါက်ခဲ့ပါတယ်။

ကျွန်တော့်မှာ ငွေပိုငွေလျှံရှိတဲ့အခါတိုင်း စာအုပ်ဟောင်းတွေ ဝယ်ပါတယ်။ ပြီးရင် ကြေညက်တဲ့အထိ ဖတ်ပြီး ပြန်ရောင်းပါတယ်။

ပြန်ရောင်းလို့ရတဲ့ငွေနဲ့ စာအုပ်တွေ ပြန်ဝယ်ပါတယ်။ ဒီနေ့အထိ ညတိုင်း အိပ်ယာမဝင်မီမှာ ကျွန်တော် စာတွေဖတ်နေဆဲပါ။

ဗဟုသုတများတာက လူတစ်ယောက်ချမ်းသာကြွယ်ဝလာစေမယ်လို့ အာမခံချက်ပေးတာမျိုးတော့ မဟုတ်ပါဘူး။

ဒါပေမယ့် ဗဟုသုတရှိတဲ့သူအတွက် အခွင့်အလမ်းတွေ ပိုပြီးလမ်းပွင့်လာတယ်။ အခွင့်အလမ်းတွေ မြင်လာစေပါတယ်”

၅။ မဟာဗျူဟာချပါ

“ကျွန်တော်ဟာ အလုပ်လုပ်ရာမှာ ထိရောက်မှုကို လိုလားတယ်ဆိုတာ ကျွန်တော့်ရဲ့ ထိပ်ပိုင်းဝန်ထမ်းတွေအားလုံး သိကြပါတယ်။

အစည်းအဝေးတစ်ခု မစမီမှာပဲ ဘာတွေလာမယ်ဆိုတာ သူတို့သိနေသလို ကျွန်တော်ကလည်း သူတို့ဘာတွေလုပ်ပြီးပြီဆိုတာ သိပါတယ်။

တချို့သူတွေကတော့ ဘယ်လိုဆင်ခြေပေးရမလဲဆိုတာပဲ သိကြပြီး သူတို့ရဲ့ ပြဿနာတွေကို ခင်ဗျားကပဲ ကူညီဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်နေလေ့ရှိကြတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့သာ အားလုံးပြင်ဆင်ပြီး ဖြစ်မယ်ဆိုရင် အကောင်းဆုံးအကြံပေးချက်ကို သူတို့ပေးနိုင်ကြမှာ ဖြစ်ပါတယ်။

ရှင်းအောင်ပြောရရင် ခင်ဗျားဟာ လက်နက်ကိုင်တပ်ဖွဲ့မှာဆိုရင် ကာကွယ်ရေးဦးစီးချုပ်ပါပဲ။

စက်သေနတ်ပစ် စစ်သည်ထက် ခင်ဗျားပိုကောင်းအောင် မပစ်နိုင်သလို လက်နက်ကြီးတပ်ဖွဲ့က စစ်သည်လောက်လည်း အမြှောက်ပစ် မကျွမ်းနိုင်ဘူး။

ဒါပေမယ့် ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ခင်ဗျားအလုပ်က ဒါတွေလုပ်ဖို့မဟုတ်ပါဘူး။ ခင်ဗျားအလုပ်က မဟာဗျူဟာချဖို့ပါ။ အဖွဲ့အစည်းတစ်ခုအတွက် မဟာဗျူဟာက သိပ်အရေးကြီးပါတယ်”

၆။ အကျပ်ဆိုက်နိုင်သည့် ကာလများအတွက် ကြိုတင်ပြင်ဆင်ထားပါ

“အခက်အခဲ၊ အကျပ်အတည်းကြုံနိုင်တဲ့ ကာလတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေတုန်းက စတော့ဈေးကွက်၊ အိမ်ခြံမြေဈေးကွက်နဲ့ အထွေထွေစီးပွားရေးတွေ တန့်နေချိန်မှာ ကျွန်တော်တို့ဟာ ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ခဲ့ပါတယ်။

ဒီလိုလုပ်နိုင်ခဲ့တဲ့ အကြောင်းရင်းတစ်ခုက ကျွန်တော်တို့မှာ ကြိုတင်ပြင်ဆင်ထားမှုတွေ ရှိခဲ့လို့ပါပဲ”

၇။ တိုးတက်ဖို့ ဝီရိယစိုက်ပါ

“ကျွန်တော် ငယ်စဉ်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ ဘဝင်တစ်မျိုးရှိခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းအပေါင်းအဖော်တွေ ဆော့ကစားချိန်မှာ ကျွန်တော်က ဗဟုသုတပဲ ရှာမှီးချင်နေခဲ့တယ်။

ကျွန်တော်အပါအဝင် သူငယ်ချင်းတွေဟာ အတန်းပညာနိမ့်ပါးကြပါတယ်။ အချိန်ကာလတွေကြာမြင့်လာတာနဲ့အမျှ သူတို့တွေဟာ မပြောင်းမလဲရှိနေပြီး ကျွန်တော်ကတော့ ဗဟုသုတတွေ အရမ်းတိုးပွားလာခဲ့တယ်။

လုပ်တာကတော့ ဒီအလုပ်ပဲ။ ဒါပေမယ့် ကျွန်တော်က တိုးတက်ဖို့အတွက် တစ်ချိန်လုံး ဝီရိယစိုက်နေခဲ့တယ်။

ဒီလိုနဲ့ ကျွန်တော်စီးပွားရေးလုပ်မယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ်ရှိနေရင် တစ်နေ့ကျ ကျရှုံးလိမ့်မယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်သတိပေးခဲ့ပါတယ်။

ပြီးတော့ ကျွန်တော့်ကုမ္ပဏီနာမည်ကို ချုံကောင်းလို့ အမည်ပေးခဲ့ပါတယ်။ ယန်စီမြစ်လို့ အမည်မပေးဘဲ သူ့ရဲ့မြစ်လက်တက်အမည်ပဲ ပေးခဲ့တာပါ။

မြစ်ငယ်၊ ချောင်းငယ်တွေက ရေတွေစီးဝင်မှုမရှိဘဲ ယန်စီမြစ်ကြီး ဖြစ်မလာနိုင်ပါဘူး ”

၈။ ငွေတစ်မျက်နှာတည်း မကြည့်ပါနဲ့

ငွေတွေ အများကြီးရမယ့်အလုပ်တွေ အများအပြားရှိပါတယ်။ ဒါပေမယ့် ကျွန်တော်လုပ်မှာ မဟုတ်ပါဘူး။

လူတစ်ယောက်ဟာ ငွေရဲ့ ဟိုဘက်မှာကို ကျော်လွန်ပြီးကြည့်နိုင်စွမ်းရှိရပါမယ်။

ကျွန်တော်တို့ရဲ့ သိက္ခာတရားကို ထိန်းထားနိုင်သမျှကာလပတ်လုံး ဘဝဟာ ပိုပြီးအဓိပ္ပာယ်ရှိလာမှာပါ။

၉။ မူဝါဒအတွက် တိုက်ပွဲဝင်ပါ

“စီးပွားရေးအပြင် ကျွန်တော်ဘာတွေလုပ်သေးလဲ။ ဟောင်ကောင်သားတစ်ယောက်အနေနဲ့ ဟောင်ကောင်အတွက် လုပ်စရာတွေ အများကြီး ကျွန်တော့်မှာရှိနေပါတယ်။

ကျွန်တော့်မှာ မူဝါဒတွေ အများကြီးရှိပါတယ်။


               (၁) တရားဝင်အတည်ပြုဖို့ မလိုအပ်တဲ့ ဓနနဲ့ ငွေပေးချေမှုဆိုင်ရာ လွတ်လွတ်လပ်လပ် လွှဲပြောင်းမှုတွေကို ခွင့်ပြုတဲ့ လွတ်လပ်တဲ့စီးပွားရေးပုံစံရှိဖို့။


               (၂) လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာနိုင်ခွင့်ရှိဖို့၊ (ဒီအချက်အပေါ် ကျွန်တော်အထူးအလေးအနက်ထားပါတယ်)။


               (၃) အမြဲတမ်းနေထိုင်ခွင့်ပေးတဲ့ပုံစံ

 

၁ဝ။ ကမ္ဘာကြီးကို ကောင်းကျိုးပြုပါ

“ကျွန်တော့်ဘဝဟာ အခြားသူအများစုရဲ့ ဘဝတွေနဲ့ တစ်မျိုးတစ်ဖုံ ကွဲပြားပါတယ်။

ကျွန်တော့်မှာ ကလေးဘဝဆိုတာ မရှိခဲ့ဘူး။ အသက် ၁၀ နှစ်အရွယ်မှာ စစ်ကြီးဖြစ်တော့ တစ်ချိန်လုံး ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်ဘဝ ရောက်သွားတယ်။

အရင်ဆုံးကြိုးစားရတာက နေစရာရှိဖို့၊ ပြီးတော့ အလုပ်အကိုင်အတွက်ပေါ့။ ကျွန်တော့်ရဲ့ ဘဝတစ်လျှောက် အမြဲတွေးမိတာက ကလေးဘဝမှာ ဆုံးရှုံးခဲ့ရမှုမျိုးတွေကို (တခြားသူတွေ မကြုံရအောင်) ကြိုးစားပေးဖို့ပါ။

ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုမျိုးတွေလို နယ်ပယ်တွေမှာ ကျွန်တော်ဘာလုပ်ပေးနိုင်မလဲဆိုတာ အမြဲတွေးပါတယ်။

ကျွန်တော်ကြီးပြင်းခဲ့ရာဒေသကို သားတွေနဲ့အတူ နွေရာသီတစ်ခုမှာ ရောက်သွားပါတယ်။ အရာရာအရင်အတိုင်း မပြောင်းမလဲတည်ရှိနေပါတယ်။

နောင်နှစ်ပေါင်း ရာထောင်ကြာရင်လည်း ဒီဝန်းကျင်တောတောင်ရေမြေတွေက ဒီအတိုင်းရှိနေဦးမှာပါ။

အခုရှင်သန်နေတဲ့သူတွေက အဲဒီအချိန်ကျရင် ရှိမှာ မဟုတ်တော့ပါဘူး။ ဘဝဆိုတာ အလွန်တိုတောင်းတဲ့ ခရီးတစ်ခုမျှသာဖြစ်ပါတယ်။

ကမ္ဘာမြေကြီးအတွက် မျိုးစေ့ကောင်းတွေချပေးတာဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုပါပဲ”

Global Tips Read 55 times