လန်ကာစူကာ မီဂါစီမံကိန်းကြီး ဒုတိယ ၃လပတ်တွင် စတင်မည်


16 March, 2022

လန်ကာစူကာ မီဂါစီမံကိန်းကြီး ဒုတိယ ၃လပတ်တွင် စတင်မည်


မလေးရှားနိုင်ငံ လန်ကာဝီမှာ အကောင်အထည်ဖော်မယ့် ရင်းဂစ် ၄၀ ဘီလျံ စွယ်စုံသုံး အဆောက်အဦများ ပါဝင်တဲ့ လန်ကာစူကာ မီဂါစီမံကိန်းကြီးကို ယခုနှစ် ဒုတိယ ၃ လပတ်မှာ စတင်ဖို့ အစီအစဉ်ရေးဆွဲထားပါတယ်။
စီမံကိန်းဧရိယာ ၈၀၉.၇ ဟက်တာရှိပြီး မလေးရှားနိုင်ငံမှ Widad Business Group Sdn Bhd (WBG) နှင့် ယူအေအီးမှ ဒူဘိုင်းမြို့ အခြေစိုက်  Bin Zayed International LLC (BZI) တို့ ဖက်စပ်လုပ်ငန်း ထူထောင်လုပ်ကိုင်မယ်လို့ မတ်လ ၁၀ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ 
WBG နှင့် BZI တို့က  Langkasuka မီဂါစီမံကိန်းကြီး ပထမအဆင့် phase 1 ကို ရင်းဂစ် ၄.၅ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်ကြမှာ ဖြစ်ပါတယ်။ လေးနှစ်အတွင်း ပြီးစီးဖို့ လျာထားပါတယ်။
Phase 1 မှာ  ကမ်းခြေအနီး တည်ရှိတဲ့ နိုင်ငံတကာ အဆင့်အတန်းရှိတဲ့ ဂေါက်ကွင်းတစ်ခု ပါဝင်ပါတယ်။ တံခွန်စိုက် ပြိုင်ပွဲကျင်းပဖို့ အသင့်အနေအထား ဖြစ်တဲ့အထိ ဆောက်လုပ်ပေးထားမယ်လို့ ဆိုပါတယ်။
အထက်တန်းစား လုံးချင်းအိမ်ကြီးများလည်း ပါဝင်ပါတယ်။
Designers' Brand Mall အမည်ပေးထားတဲ့ ဈေးဝယ်စင်တာတစ်ခုလည်း ပါဝင်ပါတယ်။
ပင်လယ်ပြင်ကို မျက်နှာစာ ပြုပေးထားတဲ့ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်လုံးလည်း ပါဝင်ပါတယ်။ 
ဈေးဆိုင်ငယ်များဖြင်ဘ ဖွဲ့စည်းထားတဲ့ Langkasuka Village ဈေးတစ်ခုလည်း ပါဝင်ပါတယ်။
အထက်တန်းစား ဆိတ်ငြိမ်ရပ်ကွက်လည်း ပါဝင်ပါတယ်။
WBG နှင့်  BZI တို့က Widad BZI Sdn Bhd ဖက်စပ်လုပ်ငန်း သဘောတူညီချက်ကို ၂၀၂၂ မတ်လ ၇ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူညီချက်ကို ၂၀၂၁ မတ်လ ၃၀ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြတာကို အကောင်အထည်ဖော်ကြတာ ဖြစ်ပါတယ်။

Widad BZI Sdn Bhd မှာ WBG က ၇၀% ပိုင်ဆိုင်ပါတယ်။ ကျန်တဲ့ ၃၀% ကို BZI က ပိုင်ဆိုင်ပါတယ်။

BZI က လန်ကာစူကာ မီဂါစီမံကိန်းကြီးမှာ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု foreign direct investment (FDI) ရင်းဂစ် ၁၀၀ ဘီလျံကို လာမယ့်နှစ်အနည်းငယ်အတွင်း ရယူဖို့ အစီအစဉ် ရှိပါတယ်။
လန်ကာစူကာမှာ ဆောက်လုပ်ရေး စတင်ပြီးတဲ့အခါ FDI ဖြင့် ဆောက်လုပ်ရေး အဆင့်ဆင့်ကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

BZI က Bin Zayed Group လက်အောက်ခံ လုပ်ငန်းဖြစ်ပါတယ်။ ဒူဘိုင်းအခြေစိုက် Bin Zayed Group က စွမ်းအင်၊ ကုန်သွယ်ရေး၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ၊ နည်းပညာ၊ ငွေကြေးဝန်ဆောင်မှုများ အစရှိသည်တို့ကို လုပ်ကိုင်ပါတယ်။ အဘူဒါဘီ တော်ဝင်မိသားစုဝင် စော်ဘွား Sheikh Khaled Zayed Al Nahyan က ပိုင်ဆိုင်တဲ့ လုပ်ငန်းစု ဖြစ်ပါတယ်။

Mixed Use and Urban Read 1068 times