ဒလ အိမ်၊ ခြံ၊ မြေ ဈေးကွက် သိန်းထောင်ချီ ပေါက်စျေးရှိနေ


08 April, 2024

ဒလ-ရန်ကုန်တံတားကြီး၏ ဒလဘက်ခြမ်းရှိ တိုင်၌ ဧပြီလဆန်းပိုင်းတွင် ကြိုးဆိုင်း စတင်ဆွဲသည့်လုပ်ငန်း စတင်လာသည့်အခြေအနေကြောင့် ဒလမြို့ အိမ်ခြံမြေဈေးများ ဆက်လက်မြင့်တက်နေကြောင်း ဒလ အိမ်ခြံမြေရောင်းဝယ်ရေးဈေးကွက်မှ သိရသည်။

လတ်တလောတွင် ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီးဖြစ်သော ဒလတံတားစီမံကိန်းကြောင့် ဒလမြို့နယ်၏ အိမ်ခြံမြေစျေးကွက်တွင် ဝယ်ယူမှု များပြားလာပြီး စျေးနှုန်းများလည်း အဆမတန် မြင့်တက်လျက်ရှိကြောင်း သိရသည်။

“ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက ဒလ တံတား စီမံကိန်းပြီးစီးတဲ့နှုန်းက မြန်ဆန်တဲ့ အခြေအနေကြောင့်ပါ။ လက်ရှိမှာ မြေကွက်တွေ အဝယ်လိုက်လာနေပြီး တစ်လထက် တစ်လ ဈေးနှုန်းပိုတက်လာနေပါတယ်။ အရင် သိန်း ၈၀၀ သာရှိတဲ့ မြေကွက်က အခုသိန်း ၁၅၀၀ လောက်အထိ ဈေးနှုန်းမြင့်တက်နေတာ တွေ့ရတယ်" ဟု ဒလမြို့ နယ်တွင် အိမ်ခြံမြေအကျိုးဆောင်လုပ်သူ ကိုတူးက ပြောသည်။ 

ဒလမြို့နယ်၏ အိမ်ခြံမြေဈေးကွက်တွင် လတ်တလောအရောင်းသွက်လာကာ ဒလမြို့နယ်ရှိ အဓိက အချက်အချာကျသည့် နေရာများနှင့် တံတားအဆင်း၌ တည်ရှိသည့် တပင်ရွှေထီရပ်ကွက်နှင့် ကျန်စစ်သားရပ်ကွက်များတွင် အရောင်းအဝယ်ပိုဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ 

၂၀၁၉ ခုနှစ် မေလတွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အရှည်ဆုံးတံတားထဲတွင် တစ်စင်း အပါအဝင်ဖြစ်သည့် ဒလ - ရန်ကုန်တံတားကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအပြီး တည်ဆောက်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုနှစ် နှစ်အစပိုင်းမှ စတင်ကာ အိမ်ခြံမြေအရောင်းအဝယ် မြင့်တက်လာနေခြင်းဖြစ်သည်။

တံတားပြီးစီးသွားရင်တော့ ရန်ကုန်မြို့မှတဆင့် ဒလ၊ တွံတေး၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူးနဲ့ ကွမ်းခြံကုန်းမြို့နယ်များဆီ လွယ်ကူလျင်မြန်စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရပါသည်။ 

Source - မြန်မာ့အလင်း

Local Real Estate & Properties Read 353 times