အထည်ချုပ်စက်ရုံပေါင်း ၃၇၇ ရုံ တိုးချဲ့ဆောင်ရွက်နိုင်ရန် မြေနေရာပြင်ဆင်မှုများ ရှိနေ


05 December, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း အထည်ချုပ်စက်ရုံပေါင်း ၃၇၇ ရုံ တိုးချဲ့ဆောင်ရွက်နိုင်ရန် မြေနေရာပြင်ဆင်မှုများ ရှိနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

           ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံများပေါ်ပေါက်လာပါက တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးလာမည့် အပြင်ဆက်စပ်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိလာမည်ဖြစ်ကြောင်း၊မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ဥပဒေပြင်ဆင်ခြင်းများဆောင်ရွက်ခြင်းကြောင့် အထည်ချုပ်စက်ရုံများ တည်ထောင်ရင်းနှီးမြှုပ်နှံမှုများလည်း တိုးလာနေပြီး အလုပ်သမားများအနေဖြင့် စွမ်းဆောင်ရည်ပြည့်ဝသော အလုပ်သမားဖြစ်ရန်လိုအပ်ကြောင်း သိရသည်။ယခုနောက်ပိုင်းတွင် လုပ်သားအင်အားအများဆုံးအသုံးပြုရသည့်အထည်ချုပ်လုပ်ငန်းများကို ပိုမိုခွင့်ပြုပေးလျက်ရှိပြီး တည်ဆောက်နေဆဲ စက်မှုဇုန်အချို့တွင် အထည်ချုပ်၊အဝတ်အထည်ဆိုင်ရာ အထူးဇုန်များကို ထည့်သွင်းရန် ရှိကြောင်း သိရသည်။

          ထို့ပြင် ၂ဝ၁၈ ခုနှစ် ဧပြီလနှင့် မေလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံခန့်ရှိခဲ့သည့်အနက် လက်ခစားစနစ်(CMP) ဖြင့် ချုပ်ပြီး အထည်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၅၃၈ သန်းနှင့်အများဆုံးတင်ပို့နိုင်ခဲ့သော လများဖြစ်သည်။လက်ရှိ မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံပေါင်း ၄ဝဝ ကျော်ရှိပြီး လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် ပြင်ဆင်နေသော အထည်ချုပ်လုပ်ငန်းများလည်း ရှိသည်။

          ယင်းအထည်ချုပ်စက်ရုံများသည် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးတည်ရှိနေပြီး စက်မှုဇုန်ပေါင်း ၂၉ ဇုန်နှင့် သီလဝါအထူးစီးပွားရေးဇုန်များ တည်ဆောက်လုပ်ကိုင်လျက်ရှိသည်။ငါးနှစ်တာကာလအတွင်း အထည်ချုပ်လုပ်ငန်းများမှ တစ်ဆင့် ပို့ကုန်သုံးဆအထိ တိုးမြှင့်နိုင်ပြီးအလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်သဖြင့် ယင်းအထည်ချုပ် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ခွင့်ပြုပေးရန်ရှိကြောင်း သိရသည်။

Factory and Industrial Plant Read 52 times