ကျိုင်းတုံမြို့၌ ကျပ် ၁၅,၂၀၀ သန်းကျော်ဖြင့်  ကတ္တရာကွန်ကရစ်မြို့ရှောင်လမ်းဖောက်လုပ်


23 January, 2021

ကျိုင်းတုံမြို့၌ ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်မတော်တဆမှုများလျော့နည်းစေရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရေး ကတ္တရာကွန်ကရစ်မြို့ရှောင်လမ်းဖောက်လုပ်လျက်ရှိသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်မတော်တဆမှုများလျော့နည်းစေရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရေးအတွက် ကတ္တရာကွန်ကရစ် မြို့ရှောင်လမ်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျိုင်းတုံခရိုင်လမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ် စုစုပေါင်း ၁၅၂၀၃ ဒသမ ၆၁၇ သန်းဖြင့် ဖောက်လုပ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့ရှောင်လမ်းကိုတောင်ကြီးဘက်မှအဝင် ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျန်းမာရေး စစ်ဆေးရေးဂိတ်အနီး ၆၂၈ ဒသမ ၀၂ km မိုင်တိုင်အမှတ်မှ စတင်ကာနောင်နွန်းပူးပေါင်းဂိတ်အနီး ၆၃၉ km မိုင်တိုင်အမှတ်အထိ ယခင်စီမံကိန်းမဆောင်ရွက်ဖြစ်ခဲ့သော မိုးနဲ-ကျိုင်းတုံမီးရထားလမ်းစီမံကိန်းမြေနေရာ တွင်လမ်းအကျယ်(၇)မီတာ၊ အရှည် (၁၀) ကီလိုမီတာကို၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျိုင်းတုံမြို့ရှောင်လမ်းအား လက်ရှိအချိန်တွင် မြေသားလမ်းဖောက်လုပ်ခြင်း၊ တံတားလုပ်ငန်းနှင့် အခြားလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှု(၁၇)ရာခိုင်နှုန်းပြီးစီးနေပြီး လာမည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်ကုန်တွင် အမာခံလမ်းအဆင့်အနေဖြင့်စတင်အသုံးပြုနိုင်မည်ဖြစ်ကာ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကတ္တရာကွန်ကရစ်မြို့ရှောင်လမ်းအားအပြီးဖောက်လုပ်သွားမည်ဖြစ်ကြောင်း ကျိုင်းတုံခရိုင်လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးကောင်းဇံထံမှ သိရသည်။

ကျိုင်းတုံမြို့ရှောင်လမ်းမြေဧရိယာစုစုပေါင်း ၁၁၀ ဒသမ ၄၄၃ ဧကရှိပြီး မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် လမ်းဧရိယာတွင် ပါဝင်သွားသည့် ယန်းလောကျေးရွာအုပ်စု၊ မိုင်းဇင်းကျေးရွာအုပ်စုနှင့် ရပ်ကွက်(၁)တို့မှ မြေဧကများအတွက်  လျော်ကြေးနှင့် နစ်နာကြေး ၆၄၈ ဒသမ ၂၀၄ သန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်               ပြည်ထောင်စုဖြည့်စွက်ရန်ပုံငွေခွဲရရှိကာ သက်ဆိုင်ရာလယ်/စီအဖွဲ့အဆင့်ဆင့်၏ သတ်မှတ်ဈေးများအတိုင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တစ်ရာ ရာခိုင်နှုန်းပေးလျော်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင်း၌ ယာဉ်အစီးအရေများပြားလာမှု၊ မြို့တွင်းလမ်းများကျဉ်းမြောင်းလာမှုတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်မတော်တဆမှုများအား မြို့ရှောင်လမ်းဖောက်လုပ်ပြီးစီးပါက ဖြေလျှော့ ပေးနိုင်မည်ဖြစ်ကာ ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင်ယာဉ်များမြို့တွင်းသို့ ဖြတ်သန်းမောင်းစရာမလိုဘဲအချိန်တိုအတွင်းသွားလာနိုင်မည်ဖြစ်ပြီး ကုန်သည်စီးပွားရေး၊ ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတိုးတက် မြင့်မားလာကာ ဒေသလူမှုစီးပွားရေးများ မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Infrastructure and Zones Region Read 395 times