အင်ဒိုနီးရှားမှ ကွာလာနာမူ လေဆိပ် ဒေါ်လာ ၆ ဘီလျံ စီမံကိန်း ပြင်သစ်နှင့် အိန္ဒိယတို့ လုပ်ကိုင်မည်


08 December, 2021

အင်ဒိုနီးရှားမှ ကွာလာနာမူ လေဆိပ် ဒေါ်လာ ၆ ဘီလျံ  စီမံကိန်း  ပြင်သစ်နှင့် အိန္ဒိယတို့ လုပ်ကိုင်မည်

အင်ဒိုနီးရှားက စင်ကာပူမှ ချန်ဂီလေဆိပ်၊ မလေးရှားမှ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်တို့နည်းတူ ဒေသတွင်း အချက်အချာ လေဆိပ်တစ်ခုကို အမေရိကန်ဒေါ်လာ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံကာ တည်ဆောက်မှာဖြစ်ပြီး အိန္ဒိယနှင့် ပြင်သစ် လေဆိပ်အော်ပရေတာများနှင့် အတူလက်တွဲပြီး လုပ်ကိုင်မှာ ဖြစ်ပါတယ်။

အိန္ဒိယမှ GMR Group နှင့် ပြင်သစ်မှ Aeroports de Paris Group တို့ ပူးပေါင်းပိုင်ဆိုင်တဲ့ GMR Airports Consortium က လေဆိပ်အတွက် ပြီးခဲ့တဲ့အပတ်က ကန်ထရိုက် ရရှိခဲ့ကြပါတယ်။ လုပ်ကိုင်မယ့်လေဆိပ်က အင်ဒိုနီးရှား မြောက်ဆုမာတြာပြည်နယ်ရှိ Kualanamu International Airport ဖြစ်ပြီး နိုင်ငံပိုင် လေဆိပ်အော်ပရေတာ Angkasa Pura II က လုပ်ကိုင်လျက်ရှိပါတယ်။

၎င်းကုမ္ပဏီ ၃ ခုတို့က Angkasa Pura Aviasi အမည်ဖြင့် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး လေဆိပ်ဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ဖက်စပ်လုပ်ငန်းမှာ Angkasa Pura II က ရှယ်ယာအများစု ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

Angkasa Pura Aviasi က Kualanamu International Airport ကို ၂၅ နှစ် လုပ်ကိုင်ခွင့် ရမှာ ဖြစ်ပါတယ်။

 

ဂျာကာတာမြို့တော်မှာ Angkasa Pura II က လုပ်ကိုင်နေတဲ့ Soekarno-Hatta Airport ဟာ အင်ဒိုနီးရှားရဲ့ ပြည်ပခရီးစဉ်တွေအတွက် ပင်မလေဆိပ်ဖြစ်ပြီး တစ်နှစ်လျှင် ခရီးသည်ဦးရေ ၅၄ သန်သန်း သုံးစွဲပါတယ်။

Kualanamu လေဆိပ်ကိုလည်း Soekarno-Hatta Airport နည်းတူ တစ်နှစ်လျှင် ခရီးသည် ဦးရေ ၅၄ သန်း ကိုင်တွယ်နိုင်အောင် အဆင့်မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါဘေး မကျရောက်ခင် ၂၀၁၉ ခုနှစ်မှာ ချန်ဂီလေဆိပ်ကို တစ်နှစ်လျှင် ခရီးသည်ဦးရေ ၆၈ သန်း သုံးစွဲပြီး ကွာလာလမ်ပူလေဆိပ်က ၆၂ သန်း သုံးစွဲပါတယ်။

Kualanamu လေဆိပ်က တောင်အာရှ၊ မြောက်အာရှနဲ့ ဩစတေးလျ တို့အကြား သွားလာကြတဲ့ ခရီးသည်တွေ အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။

လေဆိပ်အဆင့်မြှင့်တင် တိုးချဲ့ဖို့အတွက် GMR Group က အမေရိကန်ဒေါ်လာ ၃.၈၉ ဘီလျံ ရင်းနှီးမြှုပ်နှံဖို့ ကတိကဝတ် ပြုထားပါတယ်။

GMR Group က အိန္ဒိယမှာ နယူးဒေလီမှ Delhi Indira Gandhi International Airport နဲ့ Hyderabad International Airport အပါအဝင် အဓိကလေဆိပ်များကို ပိုင်ဆိုင်လုပ်ကိုင်ပါတယ်။
ဖိလစ်ပိုင်မှ Cebu လေဆိပ်နဲ့ ဂရိမှ Heraklion လေဆိပ်တို့ကို လေဆိပ်ဖွံ့ဖြိုးရေး လုပ်ကိုင်နေပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့မှ လေဆိပ် ၃ ခု ဖြစ်တဲ့ Paris-Charles de Gaulle, Paris-Orly, Paris-Le Bourget တို့ကို GMR Group က Aeroports de Paris နဲ့ အတူတကွ လုပ်ကိုင်နေပါတယ်။

Region Read 275 times