မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်း ဖျက်သိမ်းသည့်အတွက် စင်ဒေါ်လာ သန်း ၁၀၀ မလေးရှား ပေးလျော်ရမည်

02 January, 2021

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမြို့နှင့် စင်ကာပူတို့အကြား ဖောက်လုပ်မည့် မြန်နှုန်းမြင့် ရထားလမ်း  Kuala Lumpur – Singapore High Speed Rail (HSR) စီမံကိန်းကို မလေးရှားက  ဖျက်သိမ်းလိုက်သည်။

HSR စီမံကိန်းကို မလေးရှာဘက်မှ အပြောင်းအလဲ အမျိုးမျိုး ပြုခဲ့ကြောင်း၊ အကြိမ်ကြိမ် ဆွေနွေးခဲ့ကြသော်လည်း သဘောတူညီမှု မရရှိခဲ့ကြကြောင်း  မလေးရှားနှင့် စင်ကာပူ နှစ်နိုင်ငံ ပူးတွဲကြေကြာချက်တွင် ဖော်ပြထားသည်။ 

COVID-19 သည် မလေးရှားနိုင်ငံ စီးပွားရေးအပေါ် ထိခိုက်သဖြင့် မလေးရှား အစိုးရက  HSR  စီမံကိန်းတွင် အပြောင်းအလဲအချို့ကို အဆိုပြုခဲ့သည်။ ထိုသို့ ပြောင်းလဲသည့် အချက်များအတွက် အစိုးရနှစ်ခုတို့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြသည်။ သို့သော် သဘောတူညီမှု မရခဲ့ကြချေ။ ဤသို့ဖြင့်  HSR  စီမံကိန်း ဆိုင်းငံ့ကာလ ကုန်ဆုံးသွားခဲ့သည်။ မလေးရှားကြောင့် ပွဲပျက်ခဲ့ခြင်း ဖြစ်သဖြင့် မလေးရှားအနေဖြင့် နစ်နာကြေးအတွက် လျော်ကြေးပေးရန် တာဝန်ရှိနေသည်။ ပေးရမည့် ပမာဏမှာ ရင်းဂစ် သန်း ၃၀၀ (စင်ကာပူဒေါ်လာ သန်း ၁၀၀) ဝန်းကျင်ဖြစ်သည်။

 

ကွာလာလမ်ပူမြို့နှင့် စင်ကာပူ မီးရထားဖြင့် မိနစ် ၉၀ အတွင်း ရောက်ရှိမည့် မြန်နှုန်းမြင့် ရထားလမ်းကို ၂၀၁၃ ခုနှစ်တွင် နှစ်နိုင်ငံ အစိုးရ သဘောတူညီမှု ရရှိကြောင်း တရားဝင် ကြေညာခဲ့ကြသည်။  ထိုစဉ်က မလေးရှားဝန်ကြီးချုပ် ဖြစ်သူ Najib Razak  နှင့် စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong တို့က ကြေညာခဲ့ကြခြင်း ဖြစ်သည်။

ခရီးတာ ၃၅၀ ကီလိုမီတာရှိသော မြန်နှုန်းမြင့် ရထားလမ်းကို ၈ နှစ်စီမံကိန်းဖြင့် တည်ဆောက်ရန် အစီအစဉ် ရေးဆွဲထားသည်။
၂၀၁၆ ခုနှစ်တွင် Kuala Lumpur – Singapore High Speed Rail Bilateral Agreement  ကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြသည်။ 

 

 ၂၀၁၈ ခုနှစ်တွင် မလေးရှားနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပရာ လက်ရှိအာဏာရ ပါတီ ရှုံးနိမ့်သည်။ ယခင်က ကာလရှည်ကြာ ဝန်ကြီးချုပ် လုပ်ခဲ့သော မဟာသီ မိုဟာမက် ဦးဆောင်သော Pakatan Harapan ညွှန့်ပေါင်းအဖွဲ့က အနိုင်ရသဖြင့် မဟာသီသည် မလေးရှားနိုင်ငံ၏ သတ္တမမြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ပြန်ယူသည်။ မဟာသီအစိုးရ မြန်နှုန်းမြင့် ရထားလမ်းသည် ကုန်ကျစရိတ် ကြီးမားလွန်းသည်ဟု သုံးသပ်ရှုမြင်သည်။ Kuala Lumpur – Singapore High Speed Rail (HSR) စီမံကိန်းကို ဆိုင်းငံ့ထားဖို့ တောင်းဆိုသည်။
နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြပြီး ယင်းနှစ် စက်တင်ဘာလတွင် ၂၀၂၀ မေလအထိ ရွှေ့ဆိုင်းရန် နှစ်ဉီးနှစ်ဖက် သဘောတူကြသည်။
စီမံကိန်းအား ဆိုင်းငံ့ထားရန်အတွက်မ လေးရှား မှစင်ကာပူကို စင်ကာပူဒေါ်လာ ၁၅ သန်း ပေးလျော်သည်၊
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် မဟာသီ အနားယူသည်။ ဒုတိယ ဝန်ကြီးချုပ် မူယစ်ဒင် ယာစင်က ဝန်ကြီးချုပ် ရာထူးကို တာဝန်ယူသည်။ သူက HSR  စီမံကိန်း ဆိုင်းငံ့ကာလကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ရက်တိုးပေးဖို့ ပန်ကြားသည်။


စီမံကိန်းတွင် မလေးရှာဘက်မှ ပြုလိုသော အပြောင်းအလဲများကို ဆွေးနွေးညှိနှိုင်းရန်အတွက် အချိန်ပိုယူဖို့ လိုသောကြောင့်ဟု ဆိုသည်။
ဆိုင်းငံ့ကာလအတွင်း မလေးရှားက အပြောင်းအလဲအချို့ကို အဆိုပြုခဲ့ပြီး စင်ကာပူက စိတ်ရင်းမှန်ဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း စင်ကာပူ ပို့ဆောင်ရေးဝန်ကြီးဌာန ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၆ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

ဒီဇင်ဘာလဆန်းတွင် မလေးရှား မီဒီယာတို့တွင် HSR  စီမံကိန်းသတင်း ထွက်ပေါ်ခဲ့ရာ၌ မလေးရှားသည် HSR  စီမံကိန်းကို စင်ကာပူ မပါဝင်ဘဲ မလေးရှားနိုင်ငံကသာ ဆောင်ရွက်ရန် ကြံရွယ်နေသည်ဟု ဖော်ပြကြသည်။ HSR Bilateral Agreement ကို ရုပ်သိမ်းမည်ဖြစ်ရာ လျော်ကြေး ရင်းဂစ် သန်း ၃၀၀ ဝန်းကျင် ပေးလျော်မည်ဟုလည်း ဖော်ပြကြသည်။ သို့သော် မလေးရှားဘက်မှ ဆိုင်းငံ့ရန် တောင်းဆိုမှု နှစ်ကြိမ်ကြောင့် နှောင့်နှေးနေခဲ့သော မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းကို မလေးရှားအစိုးရက မိမိဘာသာ ဆက်လက်လုပ်ဆောင်မည် ဆိုသည်မှာ အတည်ပြုချက် ထုတ်ပြန်ခြင်း မရှိသေးချေ။ 

UPDATE ဖတ်ရှုရန် ခေါင်းစဉ်ကို ထိပါ

စင်ကာပူ ကွာလာလမ်ပူ မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်း ပွဲပျက်ရတဲ့ အကြောင်းရင်း

Global Read 11194 times