"Krunit" ကို ဗိသုကာဒီဇိုင်းထုတ်ခြင်း


13 October, 2021

ဆောက်လုပ်ရေးစီမံကိန်းကို ရုံးခန်းနေရာများ ဖန်တီးရန်အတွက် သန္ဓေစတည်ခဲ့သည်။ ရုံးခန်းများသည် အဆင့်မြင့်နည်းပညာနှင့် သုတေသန အပြင်းအထန် လုပ်ကိုင်မည့် လုပ်ငန်းများအတွက် ဖြစ်သည်။ 
သုတေသနနှင့် ထုတ်လုပ်ရေးတို့သည် ၆.၇ ဟက်တာ အကျယ်အဝန်းရှိ ပိုးထည်စက်ရုံဟောင်း အဆောက်အဦတွင် နေရာယူပြီး လုပ်ကိုင်ခဲ့ကြသည်။ ယခုအခါ ကြမ်းခင်းဧရိယာစုစုပေါင်း  ၁၃,၈၀၀ စတုရန်းမီတာ ရှိသည့် ၅ ထပ်အဆောက်အဦတွင် လုပ်ကိုင်နေကြပြီ ဖြစ်သည်။ "Krunit" ဟု အမည်ပေးထားသော အဆောက်အဦကို သိပ္ပံဆိုင်ရာ လုပ်ကိုင်မှုများနှင့် ထုတ်လုပ်မှုဆိုင်ရာ လုပ်ကိုင်မှုများကို စွမ်းအင်နယ်ပယ်နှင့် ဆေးဘက်ဆိုင်ရာ နယ်ပယ်တို့ရှိ ကုမ္ပဏီများကို ဝန်ဆောင်မှုပေးရာ၌ အဆင်ပြေချောမွေ့နေစေရန် ဒီဇိုင်း ထုတ်ပေးရသည်။ 

 

 "Krunit" ၏ ပြင်ပကိစ္စများအတွက် ဖြေရှင်းပေးရသည့် အချက်များ၊ ထည့်သွင်းစဉ်းစားရသည့် အချက်များသည် အဆောက်အဦ၏ ပြင်ပသွင်ပြင်နှင့် ရေထုတ်စနစ်တို့ကို ပုံသွင်းပေးသည်။ 
အဆောက်အဦအတွက် မြေနေရာသည် လူနေတိုက်တာများ အနီးတွင် တည်ရှိသည်။ ဆိတ်ငြိမ်ရပ်ကွက်တစ်ခု ဖြစ်သည်။ သစ်ပင်ကြီးများလည်း ရှိနေသည်။ ထိုပတ်ဝန်းကျင်ထဲတွင် ငြိမ်သက်အေးချမ်းမှုကို အနှောက်အယှက် မဖြစ်စေဘဲ စည်းဝါးကိုက်စွာဖြင့် သဟဇာတဖြစ်အောင် ဗိသုကာ ဒီဇိုင်းကို ဖန်တီးရသည်။ 
နောက်ထပ် ဖြေရှင်းရသည့် ပြဿနာ တစ်ခုမှာ ဆောက်လုပ်ရေး မြေနေရာအနီးတွင် မြစ်တစ်ခု ရှိနေပြီး ရေလျှံတက်ပြီး ရေကြီးလေ့ ရှိသည်။ ရေတက်လာသည်ကို လမ်းလွှဲပေးရန် မြောင်းများ အရင်ဖော်ပြီး မြေပေါ်တင်နေသည့် ရေများ ပြန်ဆင်းနိုင်အောင် ဒီဇိုင်းထုတ်ပေးရသည်။ 

 

 

 "Krunit" ၏ အတွင်းပိုင်းနေရာများကို ဒီဇိုင်းထုတ်ရာတွင် လူများ သွားလာရန်နှင့် ထုတ်လုပ်မှုမှ ပစ္စည်းများ သီးခြားစီ နေရာပေးနိုင်ဖို့ စဉ်းစားအဖြေရှာပေးရသည်။ ထုတ်လုပ်မှုအပိုင်းကိုလည်း တသီးတခြား နေရာချပေးရသည်။ အရွယ်အစားကြီးသော စက်ကိရိယာများ ရွှေ့ပြောင်း သယ်ယူနိုင်အောင်လည်း စင်္ကြံလမ်းကြောင်းများ ချပေးရသည်။ အမြင့်ထပ်သို့ အတင်အချအတွက်လည်း ထည့်စဉ်းစားရသည်။


အဆင်ပြေပြေ ဖြစ်စေရန် ကုန်တင်ဓာတ်လှေကားများ တပ်ဆင်ပေးထားသည်။ အရွယ်အစားကြီးသော စက်ကိရိယာများ ဝင်ဆန့်သော အရွယ်အစားရှိသည့် ကုန်တင်ဓာတ်လှေကားများ ဖြစ်သည်။ စက်ကိရိယာများကို မ,သည့်အခါ မျက်နှာကြက်နှင့် မလွတ်မကင်း မဖြစ်ရအောင် အမြင့်ကို ၄.၂ မီတာ ထားပေးသည်။ စင်္ကြံများကို ကျယ်ပေးထားသည်။ လျှပ်စစ် ဝန်တင်ယာဉ်ငယ် မောင်းနှင်သွားလာနိုင်လောက်အောင် ကျယ်ပေးထားသဖြင့် သယ်ယူရာတွင် လျှပ်စစ် ဝန်တင်ယာဉ်ငယ်ကို သုံးစွဲနိုင်နေစေသည်။ 
ကြမ်းခင်းများကိုလည်း လေးလံသည့် စက်ကိရိယာများ ထားနိုင်အောင် ခင်းပေးထားသည်။ 

 

"Krunit" အဆောက်အဦကို ဒီဇိုင်းထုတ်ရာတွင် Building Information Modelling (BIM technology) ကို အသုံးပြုသည်။ သို့ဖြစ်ရာ အတည်ပြုချက် ရယူရာ၌ တင်ပြဖို့ လွယ်ကူစေသည်။ ပြင်ဆင်ချက်များကို ပြင်ပေးရာ၌လည်း လွယ်ကူမြန်ဆန်စေသည်။ 

အဆောက်အဦတွင် လုပ်ကိုင်မည့်သူများ အဆင်ပြေသည့် ပတ်ဝန်းကျင် ရရှိနေစေရေးကိုလည်း ထည့်သွင်းစဉ်းစားသည်။ အခန်းတိုင်း လင်းလင်းချင်းချင်း ဖြစ်နေစေသည်။ သက်သောင့်သက်သာဖြင့် စည်းဝေးတိုင်ပင်နိုင်ရန် ဆိုဖာများဖြင့် အစည်းအဝေးခန်းတစ်ခု စီစဉ်ပေးထားသည်။ အစည်းအဝေး မရှိသည့်အခါ လာထိုင်ရင်း နားနားနေနေ အနားယူနိုင်သည်။ 

ကော်ဖီဆိုင်ကို မြေညီထပ်တွင် ထားပေးသည်။ ယာဉ်ရပ်နားရန် နေရာအနီးတွင် တည်ရှိသည်။ အခန်းများကို သဘာဝ အလင်းရောင်ဖြင့် လင်းနေအောင် ဒီဇိုင်းထုတ်ပေးထားသည်။ 

OFFICE BUILDINGS
MOSCOW, RUSSIA
Architects: KPLN Architectural Bureau
Area: 13800 m²
Year:  2019
Lead Architects: Sergey Nikeshkin, Elena Slinkina, Andrey Mikhailov

archdaily.com

 

 

 

 


 

Architecture Read 274 times