မြန်မာနိုင်ငံတွင် ဈေးကွက်ရှာဖွေတော့မည့် တောင်ကိုရီးယားဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်သူများ


16 September, 2019

မြန်မာနိုင်ငံမှာ တောင်ကိုရီးယားနိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်သူများက ဈေးကွက်ရှာဖွေပြီး ရင်းနှီးမြှုပ်နှံဖို့ အောက်တိုဘာလမှာ လာရောက်မှာဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးမြင့်က ပြောကြားထားပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကုန်သွယ်မှုတိုးမြှင့်ရန်နဲ့ နှစ်နိုင်ငံနည်းပညာများဖလှယ်ဆောင်ရွက်နိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားပါတယ်။ ဆက်လက်ပြီး  "အောက်တိုဘာခရီးစဉ် သူတို့လာတဲ့အခါ ဒီမှာ စက်ရုံတွေတည်ပြီး ရင်းနှီးမြှုပ်နှံနိုင်မလား၊ သူတို့ထုတ်ကုန်တွေ ဈေးကွက်ရှိနိုင်မလား၊ ဒါတွေကို လေ့လာကြမယ်ထင်ပါတယ်" လို့ ပြောပါတယ်။

တောင်ကိုရီးယားသမ္မတခရီးစဉ်အပြီး တောင်ကိုရီးယားနဲ့ မြန်မာနှစ်နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် တောင်ကိုရီးယား ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သူများအသင်းနဲ့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့ စက်တင်ဘာ (၄) ရက်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

 ဒါ့ပြင် ဒလတံတားနဲ့ မြို့သစ်စီမံကိန်း၊ ညောင်နှစ်ပင်စက်မှုဇုန်စီမံကိန်းများအပါအဝင် အခြေခံအဆောက်အအုံပိုင်းမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများကို တောင်ကိုရီးယားသမ္မတခရီးစဉ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်အနေနဲ့လည်း နှစ်နိုင်ငံ ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းသတင်း အချက်အလက်များဖြန့်ဝေခြင်း၊ ဆောက်လုပ်ရေးကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေး စတာတွေကို တောင်ကိုရီးယားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်နေပါတယ်။

လက်ရှိ ပြည်တွင်းဈေးကွက်မှာလည်း တောင်ကိုရီးယားနိုင်ငံထုတ် ဆောက်လုပ်ရေးယန္တရားများ သုံးစွဲနေပြီး အိမ်အမိုးသွပ်ပြားများအပါအဝင် ဆောက်လုပ်ရေးပစ္စည်းများ ဈေးကွက်ရရှိနေကြောင်း သိရပါတယ်။

Myanmar Builders Guide

Region Read 64 times