KMIC စက်မှုဇုန် ထူထောင်ရေးဦးဆောင်ညှိနှိုင်းမှုကော်မတီ ဖွဲ့စည်း

24 December, 2020

ကိုရီးယား - မြန်မာစက်မှုဇုန်စီမံကိန်း (Korea-Myanmar Industrial complex, KMIC) သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းဖြစ်ပြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land and Housing Corporation (LH) တို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
 ကိုရီးယား-မြန်မာစက်မှုမြို့ KMIC Industrial Complex အား ဒေသတွင်းယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နိုင်ငံတကာအဆင့်မီ စက်မှုမြို့တစ်ခု ဖြစ်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းများချောမွေ့စွာ လည်ပတ်စေနိုင်ရန်နှင့် ကောင်းမွန်သော အခြေခံအဆောက်အအုံ၊ ပြည့်စုံသော Facilitation Service ဝန်ဆောင်မှုများဖြင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရန် KMIC စက်မှုဇုန် ထူထောင်ရေး ဦးဆောင်ညှိနှိုင်းမှုကော်မတီ ကို  ဖွဲ့စည်းလိုက်ကြောင့် သမ္မတမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပါသည်။ 
ဖွဲ့စည်းလိုက်သော “KMIC စက်မှုဇုန်ထူထောင်ရေးဦးဆောင်ညှိနှိုင်းမှုကော်မတီ” ၏ လုပ်ငန်းတာဝန်များမှာ- 
(က) မြန်မာ-ကိုရီးယားဖက်စပ်ထူထောင်သည့် KMIC စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးစီးဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် လိုအပ်သော ခွင့်ပြုချက်များကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ လုပ်ငန်းများ ချောမွေ့စေရေး စီမံဆောင်ရွက်ပေးရန်၊ 
(ခ) KMIC ဇုန်အတွက် လိုအပ်သော အခြေခံအဆောက်အအုံ (လမ်း၊ ရေပေးရေး၊ လျှပ်စစ်မီး၊ဆက်သွယ်ရေး) စသည့် ဖြန့်ဖြူးရေးလုပ်ငန်းများ ပြည့်စုံကောင်းမွန်စွာလည်ပတ်စေရေး စီမံကွပ်ကဲဆောင်ရွက်ပေးရန်၊ 
(ဂ) အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်စေမည့် သွင်းကုန်အစားထိုးရေးနှင့် ပို့ကုန်တိုးမြှင့်ရေး စက်မှုလုပ်ငန်းများ၊ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အားပေးဆောင်ရွက်ရန်၊ 
(ဃ) KMIC ဇုန်တွင် Bonded Area သတ်မှတ်၍ သွင်းကုန်၊ ပို့ကုန်နှင့် အကောက်ခွန်လုပ်ငန်းများ စနစ်တကျရှိစေရေး ဆောင်ရွက်ရန်၊ 
(င) KMIC ဇုန်တွင် လာရောက်နေထိုင်သော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ၊ ကျွမ်းကျင်အလုပ်သမားများနှင့် ပညာရှင်များ၊ ၎င်းတို့၏မိသားစုဝင်များ နေထိုင်ခွင့်ရရှိရေးနှင့် ပြည်တွင်းခရီးသွားလာရေးတို့အတွက် လိုအပ်သည်များကို အဆင်ပြေချောမွေ့မှုရှိစေရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်၊ 
(စ) KMIC ဇုန်တွင် ကျူးကျော်ခြင်း၊ ခွင့်ပြုချက်မရဘဲ အဆောက်အဦးဆောက်လုပ်ခြင်း၊ လမ်းဖောက်ခြင်းများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီညှိနှိုင်း၍ အရေးယူဆောင်ရွက်ရန်၊ 
(ဆ) ရင်းနှီးမြှုပ်နှံမှုနှင့် ရင်းနှီးတည်ဆောက်မှုဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်ရေး၊ မြေအသုံးပြုရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေရေးကြေးရေး၊ အခွန်အခ၊ စည်ပင်သာယာရေး၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးနှင့် မီးဘေးလုံခြုံရေးစသည့် KMIC ဇုန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို လမ်းညွှန်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းစီစဉ်
ဆောင်ရွက်ပေးရန် ဖြစ်ပြီး  ကော်မတီသည် လိုအပ်သည့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းဆောင်ရွက်သွားရန် ဖြစ်သည်ဟု အမိန့်ကြော်ငြာစာတွင် ဖော်ပြပါရှိပါသည်။
အမိန့်ကြော်ငြာစာ အပြည့်အစုံကို ဖော်ပြအပ်ပါသည်။ 


 

Infrastructure and Zones Read 664 times