Komatsu ကို စိန်ခေါ်တဲ့ Sany


07 July, 2021

အင်ဒိုနီးရှားနိုင်ငံ စူလာဝေကျွန်းရှိ ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ လုပ်သားများသည် ကုန်တင်သင်္ဘောမှ တရုတ်နိုင်ငံ၏ Sany အကြီးစားစက်မှုလုပ်ငန်းအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော အဝါရောင် မြေတူးစက်ယန္တရားများကို သယ်ဆောင်ရန် အလုပ်များနေကြသည်။ 

"ဒီမြေတူးသူကိုချထားတာသတိထားပါ"  သူတို့ထဲကတစ်ဦး  အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကာ အချင်းချင်း သတိပေးလိုက်သည်။မေလ ပထမလဝက်တစ်လျှောက်မှာ Sany ဟိုက်ဒရောလစ် မြေတူးစက်ယန္တရားများ စီးရေ  ၆၀၀ ခန့်ကို Sulawesi သို့တ င်ပို့ခဲ့ကြောင်း တရုတ်မီဒီယာက ဖော်ပြသည်။

ကျွန်းတွင် နီကယ်သန့်စင်စက်ရုံများစွာ ရှိနေပြီး ခန့်မှန်းခြေအားဖြင့် ၇၀ ရာနှုန်းမှာ တရုတ်အရင်းအနှီးများဖြင့် လုပ်ကိုင်နေကြသည်။ နီကယ်သည် လျှပ်စစ်မော်တော်ယာဉ်၊ လက်ပ်တော့၊ စမတ်ဖုန်းတို့၏ ဘက်ထရီများတွင် အဓိကအားဖြင့် လိုအပ်သည့်သတ္တု ဖြစ်သည်။ 

အကြမ်းအားဖြင့် ခန့်မှန်းထားရာ၌  အင်ဒိုနီးရှားတစ်လွှားတွင် Sany မှ ထုတ်လုပ်သော စက်ယန္တရား စီးရေ ၅,၀၀၀ ကျော်သည်  နီကယ်သန့်စင်စက်ရုံများ သန့်စင်စက်ရုံများနှင့်အခြားစက်ရုံများတွင် သုံးစွဲလျက် ရှိသည်။

တရုတ်ပြည်မှာ ဆောက်လုပ်ရေး လုပ်ငန်းသုံ စက်ယန္တရား လိုအပ်မှု လျော့ကျနှေးကွေးနေသဖြင့် တရုတ်ကုမ္ပဏီ Sany သည် ပြည်ပဈေးကွက်တစ်ခုဖြစ်သော အင်ဒိုနီးရှားတွင် ဈေးကွက်ချဲ့ထွင်နိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့သည်။ ထိုအခါ အရှေ့တောင်အာရှ ဈေးကွက်များတွင် ခိုင်ခိုင်မာမာ နေရာယူထားသည့် ဂျပန်ကုမ္ပဏီ  Komatsu ကို ယှဉ်ပြိုင်ရသည်။ 

Sany ၏ ပြည်ပဈေးကွက် အရောင်းပမဏသည် မတ်လတွင် တစ်ဘီလျံယွမ် (ကန်ဒေါ်လာ ၁၅၅) သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။ သို့ဖြစ်ရ ပထမ သုံးလပတ်ဖြစ်သော ဇန်နဝါရီ-မတ်လအတွက် ကုမ္ပဏီဝင်ငွေသည် ၉၀% ခုန်တက်သွားခဲ့သည်။

Sany ၏ ရောင်းအား ကောင်းရသည်မှာ ဈေးသက်သာသော အားသာချက်သည် အဓိကကျသည်။ ပြိုင်ဘက် ဂျပန်ထက် အကြမ်းအားဖြင့် ၂၀ % ဈေးသက်သာသည်။ ကံကောင်းသည်ဟု ဆိုရမည်မှာ အင်ဒိုနီးရှားတွင် မြန်နှုန်းမြင့် မီးရထားလမ်း တည်ဆောက်ရန် ကန်ထရိုက်ကို တရုတ်ကုမ္ပဏီတို့ ရရှိခဲ့ပြီး မြို့တော် ဂျာကာတာနှင့် ဘန်ဒေါင်းမြို့အကြား ရထားလမ်းပိုင်း ဆောက်လုပ်ရေးတွင် Sany ၏ စက်ယန္တရား စီးရေ ၅၀၀ ကျော်ကို ဝယ်ယူသုံးစွဲပေးခဲ့သည်။

Komatsu က အရှေ့တောင်အာရှဈေးကွက်တွင် ရောင်းအား ကြီးထွားဖို့ မျှော်မှန်းထားသည်။ မြေတူးစက် အမျိုးအမည်အသစ်များ မိတ်ဆက်သွားရန်လည်း အစီအစဉ် ရှိထားပြီး ၎င်း၏ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှု ကွန်ရက်ဖြင့် တရုတ်စက်ယန္တရားများကို ခုခံကာကွယ်မည် ဖြစ်သည်။

Sany သည် တရုတ်အစိုးရမှ ဦးဆောင်သော စီမံကိန်းများအတွက် ၎င်း၏ ယန္တရားများကို တင်ပို့ ရောင်းချခြင်းဖြင့် ရောင်းအားတက်စေမည် ဖြစ်သည်။  ၂၀၂၅ ခုနှစ်တွင် စုစုပေါင်းအရာင်းပမာဏ ၃၀၀ ဘီလျံယွမ် ရရှိရန် ရည်မှန်းထားသည်။ ၂၀၂၀ ခုနှစ်ထက် သုံးဆပိုမြင့်မားသော ပမာဏ ဖြစ်သည်။

ပြည်ပဈေးကွက်များ ရောင်းအားကို အမေရိကန်ဒေါ်လာ ၁၀ ဘီလျံဟု လျာထားပြီး ၅ နှစ်တာကာလအတွင်း ပြည်ပရောင်းအား လေးဆ တက်ရန် ရည်မှန်းထားသည်။ ယခုလို ပြည်ပရောင်းအားကို Sany က တွန်းတင်နေသည်မှာ တရုတ်ပြည်တွင်းဈေးကွက်ထဲတွင် မသေချာ မရေရာမှုများ ဖြစ်ပေါ်နေသောကြောင့် ဖြစ်သည်။

ပြည်တွင်းရောင်းအားသည် စီးရေအားဖြင့် မေလတွင် ၂၀ % ကျော် ကျဆင်းခဲ့သည်။ သို့ဖြစ်ရာ ၂၀၂၁ ခုနှစ် တစ်နှစ်လုံးအနေဖြင့် မြေတူးစက်များ၏ ပြည်တွင်းဈေးကွက် ရောင်းအား ၁၀ % ဝန်းကျင် ကျဆင်းလိမ့်မယ်ဟု ခန့်မှန်းထားသည်။ Komatsu အနေဖြင့်လည်း ရောင်းအားကျဆင်းနေသည်ကို ရင်ဆိုင်နေရသည်။

Komatsu ၏ ဘဏ္ဍာရေးမှူးအရာရှိချုပ်  Takeshi Horikoshi က “ကျလိမ့်မယ်လို့ မျှော်လင့်ထားတာထက် ပိုဆိုးနေတယ်။ နှေးနေတဲ့အပြင် ဈေးကွက်တွေ ကျုံ့ဝင်သွားနိုင်တဲ့ အလားအလာ ကြီးမားနေတယ်” ဟု ပြောကြားသည်။ 

သို့သော် Komatsu အနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများ ရောင်းအားသည် အရှေ့တောင်အာရှတွင် ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ၁၅ % ခုန်တက်ရန် မျှော်မှန်းထားသည်။ ဒေသတွင်းမှာ အကြီးမားဆုံး ဈေးကွက်သည် အင်ဒိုနီးရှား ဖြစ်ပြီး တိုင်းပြည်စီးပွားရေး ကိုဗစ်ကြောင့် အထိနာထားသည်ကို ပြန်နာလန်ထရန် လမ်းတံတား အစရှိသည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန် စီမံကိန်းများ ချမှတ်ထားပြီးပြီ ဖြစ်ရာ အဆိုပါ စီမံကိန်းများအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများ ဝယ်ယူသုံးစွဲရမည် ဖြစ်သည်။ 

ပြီးခဲ့သည့် ပထမသုံးလပတ် ဇန်နဝါရီ-မတ်လအတွင်းတွင် အင်ဒိုနီးရှား၏ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများ ဈေးကွက်တွင် ဝေစု ၂၂ % ကို Komatsu  က ထိန်းချုပ်ထားပြီး Sany  က ဈေးကွက်ဝေစု ၂၁% ရရှိထားသည်။  သိုဖြစ်ရာ မတိမ်းမယိမ်း ဖြစ်နေကြသည်။ 

Sany က ဈေးပိုသက်သာသည့် အားသာချက်ဖြင့် ယှဉ်ပြိုင်နေသည်ကို တုံ့ပြန်သည့်အနေဖြင့် Komatsu က ဈေးနှုန်း ၁၀ မှ ၁၅ % သက်သာသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရား ပုံစံသစ်များ ထုတ်လုပ်ခဲ့သည်။ , Komatsu သည် ပြုပြင်ထိန်းသိမ်းရေး ကွန်ရက် ထူထောင်ထားပြီး စက်အပိုပစ္စည်းများ ရောင်းချခြင်း၊ ပြုပြင်ထိန်းသိမ်းသည့် ဝန်ဆောင်မှုများ ပေးခြင်းတို့ဖြင့်လည်း အမြတ်အစွန်းများ ရရှိသည်။

Komatsu သည် ပြုပြင်ထိန်းသိမ်းသည့် ဝန်ဆောင်မှုများ အရည်အသွေး ကောင်းမွန်ခြင်း၊ ၎င်း၏ ထုတ်ကုန်များ တာရှည်ခံခြင်း စသည့် အားသာချက်များဖြင့်လည်း ယှဉ်ပြိုင်သည်။ ထိုင်းနိုင်ငံရှိ ၎င်း၏ အရောင်းကိုယ်စားလှယ်များ၊ ဝန်ထမ်းများကို သင်တန်းများ ပို့ချပေးသည်။ 

ထိုင်းနိုင်ငံတွင်  Komatsu က ဈေးကွက်ဝေစု ၅၀% ရရှိထားပြီး Sany က ၃၀ % ရရှိထားသည်။ 

Source link >> Here <<

Global Read 405 times