တန်ဖိုးသင့် မြေတူးစက်တွေ ထုတ်လုပ်တော့မယ့် အင်ဒိုနီးရှား Komatsu


01 January, 2020

ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ယန္တရားအမျိုးမျိုး တည်ဆောက်သူ Komatsu သည် စျေးပေါသော တရုတ်လုပ်စက်ပစ္စည်းများ၏ ပြိုင်ဆိုင်မှုကို ကာကွယ်ရန်အတွက် အရှေ့တောင်အာရှတွင် တန်ဖိုးသင့် မြေတူးစက်များကို ဖြန့်ဖြူးမည်ဖြစ်သည်။

 

လူနေအိမ်ခြေ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် လမ်းဖောက်လုပ်မှုများတို့အတွက် ဆီလျော်သော အလယ်အလတ်အရွယ်အစား တန်ချိန် ၂၀ ရှိသောမြေတူးစက်များကို ၂၀၂၁ ခုနှစ် ဧပြီလမှ စတင်၍ ထိုင်းနှင့် အင်ဒိုနီးရှား နိုင်ငံတို့တွင် ရောင်းချမည်ဖြစ်ပြီး အနီးအနားရှိ နိုင်ငံများ၌လည်း ရောင်းချရန် စဉ်းစားနေသည်။ ယန္တရားများကို ဂျပန် သို့မဟုတ် ထိုင်းနိုင်ငံတွင် တည်ဆောက်လိမ့်မည်။

 

ဤအရွယ်အစား အတန်းအစားရှိ ဟိုက်ဒရောလစ် မြေတူးစက်များသည် Komatsu ၏ အဓိက စီးရီးဖြစ်သည်။ ပုံမှန်အားဖြင့် သတ္တုတူးဖော်ရေး၊ ကျောက်တူးခြင်းနှင့် သစ်ထုတ်လုပ်ခြင်းကဲ့သို့သောစွမ်းအားမြင့်အလုပ်များကို ကိုင်တွယ်နိုင်သည့် ဘက်စုံသုံးစက်ယန္တရားများ ဖြစ်သည်။ မော်ဒယ်အသစ်များသည် အင်ဂျင်ပါဝါ အသင့်အတင့်ဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး စျေးနှုန်းများက ၁၀% မှ ၁၅% သက်သာမည်။

 

Komatsu သည် တရုတ်ထုတ်လုပ်သူများ၏ စက်ယန္တရားများ ဝယ်ယူသုံးစွဲသူများအား ဆွဲဆောင်ရ မျှော်လင့်သည်။ တရုတ်ထုတ်လုပ်သူများ၏ စက်ယန္တရားများသည် ဂျပန်၊ အမေရိကန်နှင့်ဥရောပတို့မှ ထုတ်လုပ်သူများ၏ စက်ယန္တရားများထက် ၂၀% ဝန်းကျင် ဈေးပိုသက်သာသည်။ Komatsu မှ ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဂျပန်နှင့်တရုတ်နိုင်ငံတို့မှအပ အာရှရှိ ဆောက်လုပ်ရေးနှင့် သတ္တုတွင်း အစရှိသည့် ကဏ္ဍာများတွင် ရောင်းအား ယန်း ၁၂၉.၈ ဘီလီယံ (ဒေါ်လာ ၁.၂၄ ဘီလီယံ) ရှိမည်ဟု ခန့်မှန်းထားသည်။ 

 

ကျောက်မီးသွေး ဈေးကျခြင်းကြောင့် ကျောက်မီးသွေးတွင်းများ စက်ယန္တရား ဝယ်ယူမှု လျော့ကျသည်။ ကိုဗစ်က စီးပွားရေး အားလုံးကို ထိခိုက်ခဲ့ရာ ဆောက်လုပ်ရေးကဏ္ဍလည်း အပါအဝင်ဖြစ်သည်။ သို့ဖြစ်ရာ စက်ယန္တရားကြီးများ ရောင်းအား ထိုးကျစေခဲ့သည်။ အခက်အခဲကာလတွင် ကုမ္ပဏီများသည် ဈေးနှုန်းကို အထူးဂရုပြုကြသည်။ Komatsu ရောင်းအား ၃၇% ကျဆင်းခဲ့သည်။ တရုတ်နိုင်ငံတွင် လူထုအတွက် အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုသဖြင့် စက်ယန္တရား ဝယ်ယူမှု မြင့်တက်စေခဲ့သည်။ စက်ယန္တရားများရောင်းအား ယန်း ၁၄၉.၄ ဘီလီယံရှိနိုင်သည်ဟု ခန့်မှန်းထားပြီး ၁၈ ရာခိုင်နှုန်း မြင့်တက်သည်။

 

Komatsu သည် အင်ဒိုနီးရှားတွင် ဆောက်လုပ်ရေးသုံးစက်ယန္တရားများအတွက် အဓိကကစားသမားဖြစ်သည်။ သို့သော် မကြာသေးမီ နှစ်များအတွင်း Sany Heavy Industry နှင့် XCMG Group ကဲ့သို့သော တရုတ်ပြိုင်ဘက်များသည် Komatsuကို စိန်ခေါ်မှုပိုမိုများပြားလာသည်။ တရုတ်ကုမ္ပဏီများမှ ၀ယ်ယူသူများကို မက်လုံးများ ပေးအပ်သည်။ လက်ငင်းငွေချေရန် မလိုချေ။ သုံးနှစ်အတွင်း အကြွေးကြေလျှင် အတိုးပေးစရာ မလိုချေ။ ထိုမက်လုံးများဖြင့် ဂျပန် အသေးစားနှင့် အလတ်စား မြေတူးစက်များ သုံးစွဲသော ဆောက်လုပ်ရေးကုမ္ပဏီများကို ပစ်မှတ်ထားပြီး ကမ်းလှမ်းသည်။ ဂျပန်ထုတ်လုပ်သူများနှင့် ရေရှည်လုပ်ကိုင်ခဲ့သော အရောင်းကိုယ်စားလှယ် လူတော်များကိုလည်း တရုတ်ကုမ္ပဏီများက မက်လုံးများဖြင့် ခေါ်ယူပြီး အလုပ်ခန့်သည်။

 

Komatsu စက်ယန္တရားသည် သုံးစွဲရ လွယ်ကူသည်။ တာရှည်ခံသည်။ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများ အပြည့်အစုံ အဆင်သင့် ရှိသည်။ သို့သော် စက်ယန္တရားအသစ်များ ရောင်းအားကျလျှင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ အလုပ်နည်းပါးပြီး ဒုက္ခရောက်မည်။ Komatsu က ဝယ်လက်များကို ဆက်ထိန်းထားနိုင်ဖို့ ဈေးနှုန်းကို ချိန်ညှိသည်။ အရှေ့တောင်အာရှဈေးကွက်၏ ၂၀% ကို ထိန်းထားရန် သံန္နိဌာန် ချထားသည်။

 

အရှေ့တောင်အာရှ ဈေးကွက်တွင် အလတ်စား မြေတူးစက်များ သုံးစွဲသည့် လုပ်ငန်းခွင်များ ဖြစ်သော မြို့ပြဖွံ့ဖြိုးတိုးတက်မှု ဆောက်လုပ်ရေးကဏ္ဍသည် ကာလလတ်နှင့် ကာလရှည်အတွက် ဆက်လက် အားကောင်းနေဦးမည်ဟု ခန့်မှန်းရသည်။  Oxford Economics မှ ရှုမြင်ထားသည်မှာ ၎င်းဆောက်လုပ်ရေး အမျိုးအစားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် တစ်နှစ်လျှင်ပျမ်းမျှ ၆% ဖြင့် ၂၀၃၀ ခုနှစ်အထိ ဆက်လက်တိုးနေမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ထရီလီယံအထိ ရောက်ရှိမည်။

 

အခြား ဂျပန်ကုမ္ပဏီများသည်လည်း သူတို့၏စျေးကွက်ဝေစုကို ကာကွယ်ရန် လှုပ်ရှားနေကြသည်။ Hitachi Construction Machinery သည် ငှားရမ်းသုံးစွဲထားသည့် စက်ယန္တရားကြီးများကို ပရီမီယံ တစ်ပတ်ရစ်အဖြစ် ရောင်းချသည်။ အာမခံချက်ပေးသည်။ သက်တမ်းတစ်လျှောက် ပြုပြင်ထိန်းသိမ်းသည့် မှတ်တမ်းမှတ်ရာများကိုလည်း ပေးသည်။

 

တစ်ပတ်ရစ် မြေတူးစက်များသည် ဝယ်လိုအားသည် ဗီယက်နမ်တွင် အခိုင်အမာ ရှိနေသည်။ ယခင်နှစ်ကထက် ရောင်းအား ၁၀ % o ခန့် မြင့်တက်သည်။ Sumitomo Construction Machinery သည် အင်ဒိုနီးရှားတွင် မြေတူးစက်များ အပါအဝင် စက်ယန္တရားကြီးများ ထုတ်လုပ်ရတ် ယန်း ၃.၅ ဘီီလျံ သုံးစွဲပြီး ထုတ်လုပ်မှု ၂ ဆ တိုးအောင် စီမံဆောင်ရွက်သည်။ ၂၀၂၁ ခုနှစ်တွင် မြေတူးစက် စီးရေ ၂,၅၀၀ ထုတ်လုပ်မည်။ အင်ဒိုနီးရှား ပြည်တွင်းဈေးကွက်တွင် ရောင်းချမည် ဖြစ်သည့်။

Global Read 154 times