ဖန်းဆွေရဲ့ အကွက် (၉) ကွက်အကြောင်း (Know Feng Shui)


12 August, 2021

ဖန်းဆွေရဲ့ အကွက် (၉) ကွက်အကြောင်း (Know Feng Shui)

Know Feng Shui
Lo Shu Square, Feng Shui Bagua 

တရုတ်ရိုးရာ အိမ်ပညာဖြစ်တဲ့ ဖန်းဆွေ “feng shui” ဆိုတဲ့အမည်မှာ ဖန်းက လေကို ဆိုလိုပြီး ဆွေက ရေကို ဆိုလိုတယ်။ လေလို့ ဆိုရာမှာ ငြိမ်နေတဲ့ လေကို မဆိုလိုဘူး။ ရွေ့လျားနေတဲ့လေ တိုက်နေတဲ့လေမျိုးကို ဆိုလိုတယ်။ ရေလို့ ဆိုရာမှာ ငြိမ်နေတဲ့ ရေသေကို မဆိုလိုဘူး၊ တသွင်သွင်စီးနေတဲ့ ရေကို ဆိုလိုတယ်။
အဲဒီလို ရွေ့လျားစီးဆင်းနေတဲ့ သဘောသဘာဝက အကောင်းအဆိုးတွေ ဖြစ်ပေါ်အောင် ဓာတ်ကူပေးနေကြတယ်။ 
အဲဒီလို ဓာတ်ကူပေးတာကို အသုံးပြုနိုင်ဖို့ အိုးအိမ် ဆိုင်ခန်း စသဖြင့် အဆောက်အဉီတွေ မြေကွက်တွေကို ပြုပြင်စီရင်ပေးကြတယ်။ အဲဒီအတွက် အခြေခံထားတဲ့ စတုရန်းကွက်တစ်ခု ရှိတယ်။ စတုရန်းကွက်ထဲမှာ အရွယ်တူ စတုရန်း ကိုးကွက်ပါပြီး နံပါတ်တွေ နေရာချပေးထားတယ်။


4      9      2

3      5      7

8      1      6

အလျားလိုက် ၃ ကွက် ပေါင်းပေါင်း ထောင်လိုက် ၃ ကွက်ပေါင်းပေါင်း ဒါးလွယ်ခုတ် ပေါင်းပေါင်း ပေါင်းလဒ်က ၁၅ ရတယ်။
ပါတဲ့ ဂဏန်းတွေက ၁ မှ ၉ အထိ ဖြစ်ပါတယ်။

အဲဒီဂဏန်းကွက်ကို ဆဌဂံတစ်ခုထဲမှာ ထည့်ပြီး သက်ဆိုင်ရာ သဘောသဘာဝတွေနဲ့ သတ်မှတ်ချက် ပြုပေးထားတယ်။

ပုံတွင်ရူပါ။

 

 

 သဘောသဘာဝတွေရဲ့ ပရိယာယ်တွေကိုလည်း ချမှတ်ပေးထားတယ်။


အဲဒီလို တွဲလုံး သတ်မှတ်ချက်တွေ ချမှတ်ပေးထားတာကို ဆွေးနွေးတင်ပြပါမယ်။

 

 

၁ ခရီးရှည် ဆိုတာ ဘဝခရီးရှည်ကို ဆိုလိုတယ်။ 
သင်သွားမယ့် လမ်းကြောင်း ခရီးရှည်ဟာ စီးဆင်းနေတဲ့ ရေပါပဲ။ သင့်ဘဝဟာလည်း စီးဆင်းနေတဲ့ ရေပါပဲ။ လှေတစ်စီးပေါ်မှာ လိုက်ပါရင် အချိန်ရေစီးကြောင်းမှာ ပါသွားတဲ့ နှစ်ကာလတွေမှာ သင် အလုပ်တွေ လုပ်ကိုင်နေတယ်။ လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်တွေနဲ့ သက်ဆိုင်တယ်။ အရောင်းစာရေး ဖြစ်ချင်ဖြစ်မယ်။ လုပ်ငန်းရှင် ဖြစ်ချင်ဖြစ်မယ်။ ယာယီ ဝင်ခိုတဲ့အနေဖြင့် လုပ်ကိုင်နေတာလည်း ဖြစ်ချင်ဖြစ်မယ်။ အခုလို လုပ်ကိုင်နေတာအတွက် အောင်မြင်မှုကို တိုင်းတာတဲ့အခါ ရတဲ့လခ ရတဲ့ ဝင်ငွေနဲ့ မတိုင်းတာဘူး။ ဖန်းဆွေက လှေပေါ်မှာ ရောက်နေတဲ့ အခြေအနေတွေနဲ့ပဲ တိုင်းတာတယ်။ ဘဝမြစ်တစ်စင်းပေါ်မှာ ရောက်ရှိနေတဲ့ ဘဝ၊ စီးနေတဲ့လှေက စိတ်ချရလား။ စိတ်အေးလက်အေး ရှိသလား။ လှေငြိမ်လား။ ဒီရေနောက်ကို ပါနေလား။ ကျောက်ဆောင်တွေကြား အန္တရာယ်ကြီးမားနေသလား။ နစ်နေပြီလား။ သောင်တင်နေသလား စသဖြင့် အခြေအနေတွေအရ တိုင်းတာပါတယ်။ 
ဖန်းဆွေမှာ အဲဒီအကွက်ကို ‘ရေ’ လို့ ခေါ်တယ်။

 

၂ ဆက်ဆံရေး ဆိုတာ အိမ်ထောင်ရေး၊ ချစ်သူရည်းစားဆက်ဆံရေး၊ ချစ်သူဟောင်းနဲ့ ဆက်ဆံရေး။ အပေါင်းအသင်း ဆက်ဆံရေး၊ လူမှုဝန်းကျင်ထဲမှာ ဆက်ဆံရေး စတာတွေ အကုန်လုံး အကျုံးဝင်တယ်။ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ချစ်သူတွေ၊ လင်မယားတွေ။ တစ်စိမ်းတစ်ရံစာတွေအကြား ဆက်ဆံရေးဖြစ်ပါတယ်။ 
ဖန်းဆွေမှာ အဲဒီအကွက်ကို ‘မြေ’ လို့ ခေါ်တယ်။
မြေက သူ့ဆီလာတာတွေကို လက်သင့်ခံပေးတယ်။ 

ဆက်ဆံရေးတစ်ရပ် အဆင်ပြေပြီး တည်တံ့နေဖို့ ဆိုတာ နှစ်ဉီးနှစ်ဖက် လက်သင့်ခံဖို့ လိုပါတယ်။ ရောင်းသူဝယ်သူ အသံတူဖို့ လိုပါတယ်။ 

 

 

၃ သက်ကြီး ဆိုတာ သက်ကြီးဝါကြီးတဲ့သူတွေကို ဆိုလိုတယ်။ မိဘ၊ ဆရာသမား၊ ဆိုးတိုင်ပင်ကောင်းတိုင်ပင်၊ လမ်းပြပေးသူ၊ ကောင်းရာ ညွှန်ပြသူတွေကို ဆိုလိုတယ်။ ကိုယ့်ထက် အသက်ငယ်ပေမဲ့လည်း ကိုယ့်ထက် လုပ်သက်ရင့်သူ ကိုယ့်ထက် သဘကျသူ ကိုယ့်ထက် ကျွမ်းကျင်သူ ကိုယ့်ထက် အထာနပ်သူတွေလည်း အကျုံးဝင်တယ်။ အလုပ်မှာ သင်အထက်မှာ လုပ်ကိုင်နေသူတွေလည်း အကျုံးဝင်တယ်။ 
ဖန်းဆွေမှာ အဲဒီအကွက်ကို ‘မိုးကြိုး’ လို့ ခေါ်တယ်။
ဘဝမှာ အဲဒီစာရင်းဝင်တဲ့သူတွေက ပဲ့တင်ဟိန်းနေတယ်။ ဘယ်သူ့သားသမီးလဲ။ ဘယ်သူ့တပည့်လဲ စသဖြင့် 
ပဲ့တင်ထပ်နေတယ်။ အဲဒီဟာက သင် ဆင်းသက်လာတဲ့ နေရာ ဖြစ်လို့  သင်အမြစ်တွယ်ရာလည်း ဖြစ်ပါတယ်။ 

 


၄ ကံကူကံထူး ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ကံထူးတာ ကံဖေးမတာကို ဆိုလိုတယ်။ ဝင်ငွေ ကံကောင်းနေရဲ့လား။ အသုံးအဖြုန်းမကြီးဘဲ အကြောင်းပေါ်ပေါက်ရာမှ ကြွေးတင်နေလား။ ကံခေနေတယ်လို့ ထင်လား။ အဲဒီလို မေးခွန်းမျိုးတွေနဲ့ သက်ဆိုင်တယ်။ 
ဖန်းဆွေမှာ အဲဒီအကွက်ကို ‘လေ’ လို့ ခေါ်တယ်။
ရုပ်လောကမှာ ပွပေါက်တိုးတာမျိုးနဲ့ သက်ဆိုင်တယ်။ စိတ်ပိုင်းဆိုင်ရာမှာ တရားထူးတွေ ရဖို့ ကံကောင်းတာမျိုးနဲ့ မသက်ဆိုင်ဘူး။ အတိတ်နိမိတ်ကောင်းနေစေတဲ့ အခြေအနေကို ဖန်တီးတယ်။ ကံကောင်းခြင်းကို ရွေ့လျားနေတဲ့ လေက သယ်ဆောင်လာပေးတယ်။  

 


၅ စုဖွဲ့ ဆိုတာ အရပ်ရှစ်မျက်နှာ လာရောက်စုဖွဲ့နေတဲ့ အလယ်ဗဟိုချက်ကို ဆိုလိုတယ်။ ကျန်တဲ့ အကွက် ၈ ကွက် အဆင်ပြေဖို့ အလယ်ဗဟိုချက်ကိုလည်း ဂရုစိုက်ကြတယ်။ ဥပမာ ကျန်းမာရေးအတွက် ဒီအကွက်ကို ဂရုစိုက်ပေးတာမျိုး လုပ်ကြတယ်။ 
ဖန်းဆွေမှာ အဲဒီအကွက်ကို ‘တိုက်ချီ’ လို့ ခေါ်တယ်။ 
စွမ်းအင်တွေ စုဆုံရာနေရာ တိုက်ချီ ဖြစ်ပါတယ်။ 
ကောင်းကင်နဲ့ မြေကြီး လာထိနဲ့နေရာ ကောင်းကင်နဲ့မြေကြီး ခွဲခြားပေးထားတဲ့ နယ်နိမိတ်နေရာ ဖြစ်ပါတယ်။ 

 

 

 

၆ ကူညီမိတ်ဆွေ ဆိုတာ မိတ်ဆွေရင်းချာတွေ၊ သူငယ်ချင်းတွေ၊ ကူညီပေးသူတွေကို ဆိုလိုတယ်။ လူဆိုတာ ထီးထီး နေလို့ မရဘူး။ အပေါင်းအသင်းတွေ ရှိဖို့လိုပြီး လိုအပ်ရင် ကူညီပေးကြသူတွေလည်း ဖြစ်ရမယ်။ အပြန်အလှန်အားဖြင့် ကိုယ်တိုင်ကလည်း ကူညီချင်စိတ် ရှိပြီး ကူညီတတ်သူ ဖြစ်ရမယ်။ ပရဟိတအကျိုး ဆောင်ရွက်လေ့ရှိသူ ဖြစ်ရမယ်။ 
ဖန်းဆွေမှာ အဲဒီအကွက်ကို ‘ကောင်းကင်’ လို့ ခေါ်တယ်။ 
ကောင်းကင်က ကူညီစောင့်ရှောက်တယ်။ ဘာကိုမှ မမျှော်ကိုးပဲ ကူညီတယ်။ အဲဒီလို စိတ်ဓာတ်မျိုး ရှိရင် ဒီအကွက်က သင့်ကို ကူညီပေးနိုင်တယ်။ 

 

 

၇ ဖန်တီး ဆိုတာ ဖန်တီးနိုင်စွမ်းကို ဆိုလိုတယ်။ ကြံဆဖန်တီးတာတွေ အကျုံးဝင်တယ်။ သားသမီးတွေ၊ ကလေးတွေ၊ တပည့်တပန်းတွေ အကျုံးဝင်တယ်။ 
ဖန်းဆွေမှာ အဲဒီအကွက်ကို ‘ရေကန်’ လို့ ခေါ်တယ်။ 
ရေကန်လို သာယာကြည်နူးစရာကောင်းနေတဲ့ အခြေအနေကို ထောက်ကူတဲ့ အကွက် ဖြစ်ပါတယ်။ 
ကြံဆဖန်တီးလိုက်တဲ့အတွက် တစ်စုံတစ်ရာ မွေးဖွားသွားတာမို့ မွေးဖွားခြင်း သဘာဝလည်း သက်ဆိုင်တယ်။ အဲဒါကြောင့် ကလေးတွေ၊ စိတ်ကူးတွေ၊ စီမံကိန်းတွေနဲ့ သက်ဆိုင်တယ်။  တပည့်တွေ မွေးထုတ်တာနဲ့လည်း သက်ဆိုင်တယ်။ 

 


၈ ဆင်ခြင်သုံးသပ် ဆိုတာ  စိတ်ပိုင်းဆိုင်ရာလောကကို ဆိုလိုတယ်။ တရားထိုင်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ ပရိတ်ရွတ်၊ မန္တန်ရွတ် စတဲ့ကိစ္စဝိစ္စတွေ အကျုံးဝင်တယ်။ ကိုယ်ရောက်နေတဲ့ အခြေအနေက ဘယ်လိုလဲ။ အခြေအနေထဲ ဘာလုပ်မလဲ စသဖြင့် သုံးသပ်ဆင်ခြင်တယ်။ မိမိကိုယ်ကို မိမိ ပြန်လည် ဆန်းစစ်တယ်။ 
ဘာသာရေးကိုင်းရှိုင်းတာကို မဆိုလိုဘူး။ အယူဝါဒတွေ ယုံကြည်ကိုးကွယ်တာတွေနဲ့လည်း မဆိုင်ဘူး။ 
ဖန်းဆွေမှာ အဲဒီအကွက်ကို ‘တောင်’ လို့ ခေါ်တယ်။
တောင်လို စိတ်တည်ကြည်ခိုင်မာစေဖို့ ကူညီတယ်။ တစ်ယောက်တည်း လုပ်ရတဲ့အခါ၊ အဖော်မဲ့နေတဲ့အခါ၊ ကျွန်တော်တို့ ကိုယ့်ကိုယ့်ကိုယ်သာ အားကိုးရာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ချိန်ညှိပေးကြရပါတယ်။ 

 


၉ အလင်းပြ ဆိုတာ တခြားသူတွေ ငါ့ကို ဘယ်လိုထင်သလဲ။ ငါလုပ်ကိုင်ပေးတာတွေ အသိအမှတ်ပြုရဲ့လား။ ဘဝမှာ တစ်ခုခုလိုနေတယ်လို့ ထင်သလား စတဲ့မေးခွန်းမျိုးတွေနဲ့ သက်ဆိုင်တယ်။ 
မသိသေးလို့ အလင်းပြပေးတာမျိုးကို ဆိုလိုတယ်။ ဘယ်လိုလုပ်ရင် ရမလဲ သိသွားတာမျိုးကို ဆိုလိုတယ်။ 
ဖန်းဆွေမှာ အဲဒီအကွက်ကို ‘မီး’ လို့ ခေါ်တယ်။
ထင်ရှားကျော်ကြားခြင်းနဲ့လည်း နည်းနည်း သက်ဆိုင်တယ်။ နာမည်ကောင်း၊ ဂုဏ်သတင်း၊ ထင်ပေါ်ကျော်ကြားခြင်းတို့နဲ့ နည်းနည်း သက်ဆိုင်တယ်။ ပြင်ပသို့ လားရာပြုပြီး လင်းတဲ့အခါ အလင်းဓာတ်ကို မြင်ကြတွေ့ကြ သိကြတဲ့သဘော ဖြစ်ပါတယ်။ အလေးအနက်ထားရင်တော့ အတွင်းဘက်ကို လားရာပြုတဲ့ အလင်းဓာတ်ကို ဒီအကွက်က ကူညီတယ်။ အဲဒီအလင်းဓာတ်ရဲ့ ဘေးထွက်ပစ္စည်းအဖြစ် နာမည်ကျော်ကြား လူသိများခြင်း ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ လုပ်ငန်းအတွက် နာမည်တစ်လုံးရဖို့ ထောက်ကူတယ်။ brand အမည်ကျော်ကြား လူသိများဖို့ ကူညီတယ်။ ဒါပေမဲ့ သတိမူရမှာက အဆံကောင်းမှ အခွံလှတဲ့သဘောမျိုး ဖြစ်တာကြောင့် စိတ်ရင်းစေတနာ ကောင်းနေဖို့ အရေးကြီးပါတယ်။ 

အခုဆွေးနွေးတင်ပြခဲ့တာတွေကို သိထားမှ ဖန်းဆွေဆိုတာ ဘာလဲဆိုတဲ့ လေ့လာမှုကို ဆက်လို့ ရမှာ ဖြစ်ပါတယ်။
 

How To Read 513 times