အတိုးနှုန်း ၁၁ ရာခိုင်နှုန်းအထိ သက်သာမည့် အိမ်ရာချေးငွေ အစီအစဉ်သစ် ငါးခုကို ကမ္ဘောဇဘဏ်မှ စတင်မိတ်ဆက်


09 December, 2019

ကမ္ဘောဇဘဏ်မှ အိမ်ရာချေးငွေ အစီအစဉ်သစ်ငါးမျိုးကို ဖော်ဆောင်ထားပြီး ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် စတင်မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

        အိမ်ရာချေးငွေ အစီအစဉ်သစ် ပုံစံ အမျိုးမျိုးသည် အိမ်ပိုင်ဆိုင်လိုသူ တစ်ဦးချင်း ဖြစ်စေ၊ အိမ်ထောင်ရှင်စုံတွဲဖြစ်စေ တိုက်ခန်း၊ ကွန်ဒိုနှင့် လုံးချင်းအဆောက်အဦးများ ဝယ်ယူရန် မိမိနှင့်သင့်တော်မှုအရှိဆုံး အိမ်ရာချေးငွေပုံစံကို ရွေးချယ်နိုင်မည် ဖြစ်သည်။

 

        မိတ်ဆက်လိုက်သည့် အိမ်ရာချေးငွေ အစီအစဉ်သစ်များ၏ ပင်မ ခံစားခွင့်မှာ ကမ္ဘောဇဘဏ် အနေဖြင့် (၁၁) ရာခိုင်နှုန်းအထိ အထူးအတိုးနှုန်းများ ပေးအပ်လိုက်ခြင်းပင် ဖြစ်ပါသည်။ အရောင်းမြှင့်တင်ရေး အထူး အတိုးနှုန်းများမှာ ချေးငွေရယူသူ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ၊ ပုံမှန်ဝင်ငွေနှင့် အသက်အရွယ် အပိုင်းအခြား တို့အလိုက် အကဲဖြတ်စစ်ဆေးပြီး ပေးအပ်သွားမည် ဖြစ်သည်။

 

အတိုးနှုန်း အစီအစဉ် (က) - သတ်မှတ်ရက်အတွင်း အတိုး၊အရင်း မှန်မှန်ပေးသွင်းသော ချေးငွေရယူသူများအတွက်

        အိမ်ရာချေးငွေ အတိုးနှုန်းကို ပထမတစ်နှစ်အတွင်း (၁၃) ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး ချေးငွေရယူသူမှ အတိုး၊အရင်း မှန်မှန်ပေးသွင်းပါက နှစ်စဉ် (ဝ.၅) ရာခိုင်နှုန်းစီ လျော့ကျနိုင်ကာ အနည်းဆုံး (၁၁) ရာခိုင်နှုန်းသာ အတိုးနှုန်း ပေးသွင်း ရသည်အထိ အကျိုးခံစားနိုင်ပါသည်။ အနိမ့်ဆုံး ချေးငွေတန်ဖိုး မြန်မာကျပ်ငွေ သိန်း (၁၅ဝ) ရှိရမည့် ယခု အစီအစဉ်တွင် ကမ္ဘောဇဘဏ်မှ အိမ်ရာချေးငွေ ရယူပြီး အိမ်ရာဝယ်ယူလိုသော မည်သူမဆို ခံစားနိုင်မည် ဖြစ်သည်။

အတိုးနှုန်း အစီအစဉ် (ခ) - အိမ်ရာချေးငွေနှင့် တန်ဖိုး အချိုးအပေါ်မူတည် တွက်ချက်ခြင်း

        အိမ်ရာချေးငွေနှင့် တန်ဖိုးအချိုး (LTV) ဆိုသည်မှာ အိမ်ရာတန်ဖိုး ကျသင့်ငွေအလိုက် ရယူသော ချေးငွေ ပမာဏကို ဆိုလိုပါသည်။ အကယ်၍ အိမ်ရာချေးငွေသည် တန်ဖိုးပေါက်ဈေး (အိမ်ခြံမြေ အကဲဖြတ်လေ့လာသူများ သတ်မှတ်သည့် ရာဖြတ်တန်ဖိုး) ၏ (၆ဝ) ရာခိုင်နှုန်း သို့မဟုတ် (၆ဝ) ရာခိုင်နှုန်းအောက်ဖြစ်မည်ဆိုပါက အတိုးနှုန်း (၁၂) ရာခိုင်နှုန်း ကောက်ခံသွားမည် ဖြစ်ပါသည်။ ချေးငွေရယူသူမှ အတိုး၊အရင်း မှန်မှန်ပေးသွင်းပါက သုံးနှစ်အကြာတွင် အတိုးနှုန်း (၁၁) ရာခိုင်နှုန်း လျော့ချကောက်ခံသွားမည် ဖြစ်ပါသည်။

 

        အကယ်၍ အိမ်ရာချေးငွေသည် ရာဖြတ်တန်ဖိုး၏ (၅ဝ) ရာခိုင်နှုန်း သို့မဟုတ် (၅ဝ) ရာခိုင်နှုန်းအောက်ဖြစ်မည်ဆိုပါက အတိုးနှုန်း (၁၁) ရာခိုင်နှုန်းမှ စတင်ကောက်ခံသွားမည် ဖြစ်ပါသည်။ အနိမ့်ဆုံး ချေးငွေတန်ဖိုး မြန်မာကျပ်ငွေ သိန်း (၅ဝဝ) ရှိရမည့် ယခု အစီအစဉ်အတွက် အိမ်ရာဝယ်ယူလိုသော မည်သူမဆို လျောက်ထားနိုင်မည်ဖြစ်သည်။

 

အတိုးနှုန်း အစီအစဉ် (ဂ) - လစဉ်ဝင်ငွေနှင့် ပေးသွင်းမှုအပေါ်မူတည် တွက်ချက်ခြင်း

        ယခု အိမ်ရာချေးငွေ အစီအစဉ်သည် ချေးငွေရယူသူ၏ လစဉ်ပုံမှန် ဝင်ငွေနှင့် လစဉ် ချေးငွေပြန်လည် ပေးသွင်းရ မည့် ပမာဏကို နှိုင်းယှဉ်တွက်ချက်ခြင်း ဖြစ်ပါသည်။ အကယ်၍ လစဉ် ချေးငွေပြန်လည် ပေးသွင်းရမည့် ပမာဏသည် ပုံမှန် ဝင်ငွေ၏ (၃ဝ) ရာခိုင်နှုန်း သို့မဟုတ် (၃ဝ) ရာခိုင်နှုန်းအောက်ဖြစ်မည်ဆိုပါက အတိုးနှုန်း (၁၂) ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်ပါသည်။

 

         ချေးငွေရယူသူမှ အတိုး၊အရင်း မှန်မှန်ပေးသွင်းပါက သုံးနှစ်အကြာတွင် အတိုးနှုန်း (၁၁) ရာခိုင်နှုန်း လျော့ချ ကောက်ခံသွားမည် ဖြစ်ပါသည်။ အကယ်၍ လစဉ် ချေးငွေပြန်လည် ပေးသွင်းရမည့် ပမာဏသည် ပုံမှန် ဝင်ငွေ၏ (၂ဝ) ရာခိုင်နှုန်း သို့မဟုတ် (၂ဝ) ရာခိုင်နှုန်းအောက်ဖြစ်မည်ဆိုပါက အတိုးနှုန်း (၁၁) ရာခိုင်နှုန်းမှ စတင်ကောက်ခံသွားမည် ဖြစ်သည်။

 

အနိမ့်ဆုံး ချေးငွေတန်ဖိုး မြန်မာကျပ်ငွေ သိန်း (၃ဝဝ) ရှိရမည့် ယခု အစီအစဉ်အတွက် ပုံမှန် ဝင်ငွေရှိသော လခစား ဝန်ထမ်းများ၊ ကိုယ်ပိုင်လုပ်ငန်းရှင်များနှင့် Professional များလျှောက်ထားနိုင်သည်။ လခစား ဝန်ထမ်းများသည် မည်သည့်ဘဏ်တွင်မဆို payroll ဖြင့် လစာထုတ်ယူထားသည့် ပြေစာ (သို့မဟုတ်) အခွန်ပြေစာ တင်ပြနိုင်ရပါမည်။ ကိုယ်ပိုင်လုပ်ငန်းရှင်များအနေဖြင့် အရစ်ကျ ပေးသွင်းရမည့်ငွေပမာဏ၏ တစ်လစာကို ကြိုတင်ပေးသွင်း ထားရမည် ဖြစ်သည်။

 

အတိုးနှုန်း အစီအစဉ် (ဃ) - လစဉ် အရစ်ကျ ပေးသွင်းရမည့်ငွေပမာဏကို ကြိုတင်ပေးသွင်းအပ်နှံထားခြင်း

        အကယ်၍ ချေးငွေလျှောက်ထားသူများအနေဖြင့် လစဉ် အရစ်ကျ ပေးသွင်းရမည့်ငွေပမာဏ၏ နှစ်လစာကို ကြိုတင်ပေးသွင်းအပ်နှံထားမည်ဆိုပါက အထူးအတိုးနှုန်း (၁၂) ရာခိုင်နှုန်းသာ ကောက်ခံမည် ဖြစ်ပါသည်။ ချေးငွေ ရယူသူမှ အတိုး၊အရင်း မှန်မှန်ပေးသွင်းပါက သုံးနှစ်အကြာတွင် အတိုးနှုန်း (၁၁) ရာခိုင်နှုန်း လျော့ချ ကောက်ခံသွားမည် ဖြစ်သည်။

 

အတိုးနှုန်း အစီအစဉ် (င) - ပထမဦးဆုံးအကြိမ် အိမ်ရာချေးငွေရယူသော ကြင်စဦးဇနီးမောင်နှံများအတွက်

        နှစ်ဦးစလုံး ပုံမှန်ဝင်ငွေရှိသော ကြင်စဦးဇနီးမောင်နှံများအတွက် အိမ်ရာချေးငွေအစီအစဉ်သည် ပထမ သုံးနှစ်တွင် အတိုးနှုန်း (၁၂) ရာခိုင်နှုန်းမှ စတင်ကောက်ခံသွားမည်ဖြစ်ပါသည်။ ချေးငွေရယူထားသော ဇနီးမောင်နှံမှ အတိုး၊အရင်း မှန်မှန်ပေးသွင်းပါက သုံးနှစ်အကြာတွင် အတိုးနှုန်း (၁၁) ရာခိုင်နှုန်း လျော့ချ ကောက်ခံသွားမည် ဖြစ်ပါသည်။ အနိမ့်ဆုံး ချေးငွေတန်ဖိုး မြန်မာကျပ်ငွေ သိန်း (၂ဝဝ) ဖြစ်သည်။

 

        အထက်ပါ အိမ်ရာချေးငွေ အစီအစဉ်များ အားလုံးအတွက် မည်သည့် အခြေအနေတွင်မဆို လစဉ် အတိုး၊အရင်း ပေးသွင်းရန် ပျက်ကွက်ပါက အတိုးနှုန်း (၁၃) ရာခိုင်နှုန်းအဖြစ် ပြန်လည်ပြောင်းလဲသွားမည် ဖြစ်ပါသည်။ လစဉ်ပုံမှန် အတိုး၊အရင်း ပေးသွင်းရန် ပျက်ကွက်ခဲ့သည့် ချေးငွေရယူသူများအနေဖြင့် အတိုးနှုန်း (၁၃) ရာခိုင်နှုန်းဖြင့် တစ်နှစ် ပေးသွင်းပြီးပါက အထူးအတိုးနှုန်းများကို ပြန်လည် ခံစားခွင့် ရရှိမည်ဖြစ်ကြောင်းသိရသည်။

 

Local Bank Loan Read 310 times