ဘီလူးချောင်းဖြတ် ကန္ဒာရဝတီတံတား


13 December, 2019

ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်ထောင်စုလမ်းမကြီးပါ်ရှိ ကန္ဒာရဝတီတံတားကို ပြန်လည်တည်ဆောက်လျက်ရှိရာ ယခုနှစ် စက်တင်ဘာလအတွင်း အပြီးတည်ဆောက်ပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့ ၆ မှ သိရသည်။
 
''၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်အတွင်းမှာ တံတားကြီးတည်ဆောက်မှုက ကန္ဒာရဝတီတံတားတစ်စင်းသာရှိပါတယ်။ ဒီတံတားကို ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ၃၅ ရာခိုင်နှုန်းတော့ ပြီးစီးနေပါပြီ။ လာမယ့် စက်တင်ဘာလကုန်ကို အပြီးတည် ဆောက်သွားဖို့ ကြိုးပမ်းနေပါတယ်''ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့ ၆ နေပြည်တော်မှ ဦးစီးအရာရှိ ဦးမြင့်သူက ပြောကြားသည်။
 
လက်ရှိတွင် အောက်ခံအုတ်မြစ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ တံတားသည် အရှည် ၃၀၄ ပေ ၉ လက်မခန့်ရှိပြီး ယခင်က ယာဉ်သွားလမ်းအကျယ် ၂၂ ပေနှင့် လူသွားလမ်း ဘေးနှစ်ဖက် သုံးပေစီ စုစုပေါင်း ၂၈ ပေရှိသည့် နှစ်လမ်းသွားတံတားမှ ယခုအခါ ထပ်မံ တိုးချဲ့တည်ဆောက်ထားခြင်းကြောင့် ယာဉ်သွားလမ်းအကျယ် ၄၄ ပေနှင့် လူသွားလမ်းဘေး နှစ်ဖက် နှစ်ပေစီ၊ စုစုပေါင်း ၄၈ ပေ ခန့် လေးလမ်းသွား တံတားအဖြစ် တည်ဆောက်နေခြင်းဖြစ်ကြောင်း တံတားအထူးအဖွဲ့ ၆ မှ သိရသည်။
 
ကန္ဒာရဝတီတံတားကို ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေခွင့်ပြုမှုဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ် သန်း ၈၀၀ ချမှတ်ကာ တည်ဆောက်နေခြင်းဖြစ်သည်။ ထို့အပြင် လုပ်ငန်းလိုအပ်ချက်အရ ထည့်သွင်းရမည့် အမြဲတမ်းအလှမီးများ၊ ခုံးများနှင့် ချဉ်းကပ်လမ်းများ၊ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းများအတွက် ဘဏ္ဍာငွေကျပ် သန်း ၁၆၀ ဆက်လက်တောင်းခံထားကြောင်း သိရသည်။

မူလ ကန္ဒာရဝတီတံတားကို သစ်သားတံတားမှ ၁၉၈၅ ခုနှစ်တွင် ကွန်ကရစ်တံတားအဖြစ် အဆင့်ဆင့်ပြောင်းလဲတည်ဆောက်ထားခဲ့ကြောင်း၊ နှစ်လမ်းသွားတံတားအဖြစ် နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်လာပြီဖြစ်သည့်အတွက် ပိုမိုကြံ့ခိုင်မှုရှိစေရန်နှင့် လေးလမ်းသွားအဖြစ် မော်တော်ယာဉ်များ ပိုမိုလွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်ရန်အတွက် ပြုပြင်တည်ဆောက်ခြင်းဖြစ်ကြောင်း ဦးမြင့်သူက ဆက်လက်ပြောကြားသည်။
 
ဘီလူးချောင်းကို ဖြတ်သန်းတည်ဆောက်ထားသည့် ကန္ဒာရဝတီတံတားသည် လွိုင်ကော်မြို့ မင်းစုနှင့် ရွှေတောင်ရပ်ကွက်တို့အကြား တည်ရှိပြီး ပြည်ထောင်စုလမ်းမ၏ မိုင်တိုင် ၁၃၀/ ၅ နှင့် ၁၃၀/၆ တို့တွင် တည်ရှိခြင်းဖြစ်သည်။ အဆိုပါတံတားတည်ရှိရာလမ်းသည် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့ရှိ မြို့နယ်များထံ သွားလာရာတွင် အဓိကကျသည့် လမ်းမတစ်ခုဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူ-လိပ်သို-ယာဒို ဒေသများအထိလည်း ဖြတ်သန်း သွားလာနိုင်သည့်အတွက် တံတားတည်ဆောက်ရေးပြီးစီးပါက ယခင်ကထက် မော်တော်ယာဉ်များ ပိုမိုလွယ်ကူ စွာ သွားလာနိုင်တော့မည်ဖြစ်သည်။

Region Infrastructure and Zones Read 63 times