မော်တော်ယာဉ်များရပ်နားရန် အဆင့်မြှင့်ကားပါကင်တစ်ခု တည်ဆောက်သွားမည့် ကမာရွတ်မြို့နယ်


10 December, 2020

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်အတွင်း၌ မော်တော်ယာဉ်များ ရပ်နားရန် အဆင့်မြှင့် ကားပါကင်တစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှသိရသည်။

 

        အဆိုပါ အဆင့်မြှင့်ကားပါကင် တည်ဆောက်ရန်အတွက် ကမာရွတ်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးနေရာကို ရွေးချယ်ထားပြီး အထပ်ရှစ်ထပ် ပါဝင်သော ရုံးခန်းများအပြင် မြို့နယ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သောကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပွဲခန်း၊ ဟောပြောပွဲခန်းမ စသည်ဘက်စုံသုံးအခန်းများ ပါဝင်မည်ဖြစ်သည်။

 

        ထိုသို့ ဆောက်လုပ်မည့် အထပ်ရှစ်ထပ်ပါဝင်သော အဆောက်အအုံတစ်လုံးအပြင် မော်တော်ယာဉ် ရာနျင့်ချီရပ်နားနိုင်သော အထပ်မြှင့်နိုင်ငံတကာ အဆင့်မီကားပါကင်ကိုလည်း ထည့်သွင်းတည်ဆောက်မည်ဖြစ်သည်။

 အဆိုပါ ရှစ်ထပ်အဆောက်အအုံနှင့် ကားပါကင်အဆောက်အအုံတို့၏ အပေါ်ဆုံးထပ်တွင် ပြည်သူများ အပန်းဖြေအနားယူနိုင်ရေးအတွက် ပန်းခြံတစ်ခုကိုလည်း ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်သည်။

 

        မြို့နယ်နေပြည်သူများ အသုံးပြုနိုင်ရေးအတွက် အဆင့်မြှင့်ပန်းခြံနှင့် Mechanical Car Parking တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို မတ် ၂၄ ရက်က အဆိုပါနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

        ယခုအခါ အဆိုပါနေရာတွင် မြေပြင်တိုင်းတာခြင်းများ၊ အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

        ယင်းတည်ဆောက်ရေး လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အဦး) မှ တာဝန်ယူတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

Mixed Use and Urban Read 52 times