ဂျပန်အာမခံကုမ္ပဏီများကိုသီလဝါ အထူးစီးပွားရေးဇုန်၌လုပ်ကိုင်ခွင့်ပြုပေးထားပြီ


06 December, 2020

 နိုင်ငံခြားအာမခံကုမ္ပဏီများကို ပြည်တွင်း၌ လုပ်ကိုင်ခွင့်ပေးရန်အတွက် နိုင်ငံတကာအကြံပေးကုမ္ပဏီတစ်ခုကို ငှားရမ်းပြီး ခွင့်ပြုမည်ဖြစ်ကြောင်း အာမခံ လုပ်ငန်းကြီးကြပ်ရေးဘုတ်အဖွဲ့ထံမှ သိရသည်။

               လက်ရှိအချိန်တွင် နိုင်ငံခြားအာမခံကုမ္ပဏီများကို ပြည်တွင်းအာမခံဈေးကွက်အတွင်း၌ လုပ်ကိုင်ခွင့်ပြုနိုင်ရန်အတွက် နိုင်ငံတကာ အကြံပေးကုမ္ပဏီတစ်ခု ရွေးချယ်ပြီး ယင်းအကြံပေးကုမ္ပဏီက ပြည်တွင်းတွင် အာမခံလုပ်ငန်းလုပ်ကိုင်လိုသည့် နိုင်ငံခြားအာမခံကုမ္ပဏီများကို စိစစ်ရွေးချယ်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုက နိုင်ငံခြားအကြံပေးကုမ္ပဏီတွေဆီက စိတ်ဝင်စားမှုအဆိုပြုလွှာတွေ တောင်းခံထားတယ်။ အကြံပေးကုမ္ပဏီ ရွေးချယ်ပြီးရင် နိုင်ငံခြားအာမခံကုမ္ပဏီတွေကို ခွင့်ပြုပေးဖို့အဆင့်သွားမယ်” ဟု ၎င်းကဆိုသည်။

               လက်ရှိအချိန်တွင် ဂျပန်အာမခံ ကုမ္ပဏီများကို သီလဝါအထူးစီးပွားရေးဇုန်၌ လုပ်ကိုင်ခွင့်ပြုပေးထားပြီးလာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်းတွင် နိုင်ငံခြားအာမခံကုမ္ပဏီများကို အသက်အာမခံနှင့် အထွေထွေအာမခံတို့ကို လုပ်ကိုင်ခွင့်ပေးရန် စီစဉ်လျက်ရှိကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးဘုတ်အဖွဲ့ထံမှ သိရသည်။

              နိုင်ငံခြားအာမခံကုမ္ပဏီများကို ခွင့်ပြုပေးရာတွင်လည်း နိုင်ငံခြားအာမခံကုမ္ပဏီများမှာ ပြည်တွင်းအာမခံကုမ္ပဏီများထက် လုပ်ငန်းအတွေ့အကြုံပိုများခြင်းနှင့် ငွေကြေးအရင်းအနှီးပိုများသည့်အတွက် ဈေးကွက်ယှဉ်ပြိုင်ရာတွင် ပြည်တွင်းလုပ်ငန်းရှင်များ အခက်အခဲကြုံတွေ့နိုင်ခြင်းကြောင့် ဖက်စပ်လုပ်ကိုင်ခွင့်ပြုရန်လည်း စီစဉ်လျက်ရှိသည်။


“ပြည်တွင်းအာမခံကုမ္ပဏီအများစုကတော့ ဖက်စပ်လုပ်ဖို့ လိုလားကြတယ်။ နိုင်ငံခြားအာမခံကုမ္ပဏီတွေ ဝင်လာရင် ဈေးကွက်က လက်ရှိထက် ပိုသွက်သွားမယ်။ ပြည်တွင်းလာလုပ်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကလည်း သူတို့လုပ်ငန်းတွေကို ဒီမှာပဲ အာမခံထားလို့ရလာမယ်”ဟု ပုဂ္ဂလိကအာမခံကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

                 ပြည်တွင်းအာမခံဈေးကွက်အတွင်းတွင် လုပ်ငန်းလုပ်ကိုင်ရန် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် အမေရိကတို့မှ ကုမ္ပဏီ ၂၀ ကျော်က စိတ်ဝင်စားလျက်ရှိကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးဘုတ်အဖွဲ့ထံမှ သိရသည်။

Local Office and Retail Read 98 times