ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်း ဘတ်ဂျက် ဒေါ်လာ ၂ ဘီလျံနီးပါး ကျော်လွန်


14 October, 2021

ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂ ဘီလျံနီးပါး ကျော်လွန်နေတဲ့ ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဖို့အတွက် အင်ဒိုနီးရှား အစိုးရမှ အကုန်အကျခံဖို့ အမိန့်ကြော်ငြာစာကို အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက  ၂၀၂၁ ခုနှစ် အောက်တိုဘာလဆန်းပိုင်းမှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

ယခင် ၂၀၁၅ ခုနှစ်မှာ ပြဌာန်းထားချက်အရ စီမံကိန်းမှာ နိုင်ငံဘဏ္ဍာမှ တစ်ပြားတစ်ကျပ်မှ ထည့်ဝင်ပြီး သုံးစွဲခွင့် မရှိခဲ့တာကို ယခု အမိန့်ကြော်ငြာစာအရ အသုံးပြုခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။ စီမံကိန်းက လျာထားဘတ်ဂျက်ထက် ကျော်လွန်သုံးစွဲထားတာ ရူပီယာ ၂၇.၁၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၉ ဘီလျံ) ရှိနေပြီ ဖြစ်ပါတယ်။ စက်တင်ဘာလအထိ ကုန်ကျစရိတ် ရူပီယာ ၁၁၃.၉ ထရီလီယံ ရှိနေပြီး ရထားလမ်းဖောက်ဖို့ မြေဝယ်ယူတဲ့ ပြဿနာတွေကြောင့်လည်းကောင်း၊ အကောင်းမြင်လွန်းထားတဲ့ အစီအစဉ်ကြောင့်လည်းကောင်း၊ စီမံကိန်း စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့်လည်းကောင်း ယခုလို ဘတ်ဂျက်ကျော်လွန်သုံးစွဲထားတာ ဖြစ်လို့ နိုင်ငံပိုင်လုပ်ငန်းများ ဝန်ကြီးဌာန ( State-Owned Enterprises (SOEs) Ministry ) က အသိအမှတ်ပြုထားပါတယ်။ ယခုထုတ်ပြန်လိုက်တဲ့ အမိန့်စာအရ အာမခံချက်ရှိတဲ့ ချေးငွေများဖြင့် ဖြစ်စေ၊ နိုင်ငံပိုင် ငွေလုံးငွေရင်းဖြင့် ဖြစ်စေ စီမံကိန်းအတွက် သုံးစွဲခွင့် ရရှိသွားပါတယ်။ 

 

 

ဥမင်လိုဏ်ခေါင်း လမ်းပိုင်းနှင့် ဥမင်လိုဏ်ခေါင်း တူးစက်တို့ကို တွေ့ရပုံ

 

 

မူလက ဘတ်ဂျက်ကို အမေရိကန်ဒေါ်လာ ၆.၀၇ ဘီလျံ လျာထားခဲ့ပြီး ယခု ဆောက်လုပ်ဆဲတန်းလန်းမှာ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၇.၉ ဘီလျံ ရှိနေပြီ ဖြစ်ပါတယ်။ 

One Belt, One Road (OBOR) ရဲ့ ပြယုဂ်စီမံကိန်းကြီး တစ်ခု ဖြစ်ပြီး စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ PT Kereta Cepat Indonesia-China (KCIC) ကုမ္ပဏီစုမှာ အစိုးရပိုင် ကုမ္ပဏီတွေက ၆၀% ပိုင်ဆိုင်ပါတယ်။ ကျန်တဲ့ ရှယ်ယာရာခိုင်နှုန်းကို  China Railway International Co မှ ပိုင်ဆိုင်ပါတယ်။ 

မူလအစီအစဉ်မှာ China Development Bank က ကုန်ကျစရိတ် စုစုပေါင်းရဲ့ လေးပုံသုံးပုံကို တာဝန်ယူထားတယ်။ အင်ဒိုနီးရှား အစိုးရမှ ချေးငွေအတွက် အာမခံချက် ပေးဖို့ မလိုဘူး။ ရထားက တစ်နာရီ ကီလိုမီတာ ၂၅၀ အမြန်နှုန်းဖြင့် ပြေးဆွဲမယ်။ ကြားဘူတာ ၈ ခု ရှိမယ်။ ရထားခက အမေရိကန်ဒေါ်လာ ၁၆ ဝန်းကျင် ဖြစ်ပါတယ်။ 

ယခု အစီအစဉ်မှာ ဘဏ္ဍာရေးဝန်ကြီးဌာနက စီမံကိန်း လုပ်ကိုင်နေတဲ့ PT Kereta Cepat Indonesia-China ရဲ့ ပိုင်ဆိုင်မှုထဲကို ယခုနှစ် မကုန်ခင်မှာ ငွေလုံးငွေရင်း ရူပီယာ ၆.၉ တရီလီယံ (အမေရိကန်ဒေါ်လာ ၄၈၅ သန်း) ထိုးထည့်ပေးရမှာ ဖြစ်ပါတယ်။ 

၂၀၁၆ ခုနှစ်မှာ စီမံကိန်းကို အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက စတင်ပေးခဲ့ပြီး ဂျာကာတာ-ဘန်ဒေါင် ရထားလမ်းက ခရီးသွားချိန်ကို မိနစ် ၄၀ သာ ကြာမြင့်မယ်လို့  ဆိုပါတယ်။ ပုံမှန်ရထားဖြင့် ခရီးသွားချိန်က အနည်းဆုံး ၃ နာရီ ကြာမြင့်ပါတယ်။ 

ရထားလမ်း စီမံကိန်း ဆောက်လုပ်ရေးကို ၂၀၁၇ ခုနှစ်မှ စတင်ခဲ့ပြီး ကုန်ကျစရိတ်များ မှန်းထားတာထက် များစွာ ပိုမိုကုန်ကျနေခဲ့ရာမှ ယခုလို ဘတ်ဂျက်ကျော်လွန်သုံးစွဲထားတဲ့ အဖြစ်သို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပြီးစီးဖို့ လျာထားပေမဲ့ ယခုအထိ မပြီးစီးသေးဘဲ ၂၀၂၂ ခုနှစ်မှာ ပြီးစီးမယ်လို့ ပြင်ဆင်လျာထားပါတယ်။ 

AidData မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ အင်ဒိုနီးရှားမှာ ဖုံးကွယ်အကြွေး အမေရိကန်ဒေါ်လာ ၁၇,၂၈ ဘီလျံ တရုတ်နိုင်ငံအပေါ် အကြွေးတင်နေပါတယ်။ 

ခါးပတ်လမ်း ခေါင်းစဉ်အောက်မှ ကွယ်ဖုံးထားသည့် ကြွေးမြီများ

အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်နှုန်းမြင့် ရထား စီမံကိန်းကို ဂျပန်နှင့် တရုတ်တို့က စိတ်ဝင်တစား ရှိခဲ့ကြပြီး ဂျာကာတာ-ဘန်ဒေါင်း ရထားလမ်းပိုင်း (၁၄၂.၃ ကီလိုမီတာ) ကို နှစ်နိုင်ငံစလုံးက  လေ့လာဆန်းစစ်မှုတွေ ပြုခဲ့ကြတယ်။ ဘန်ဒေါင်းမှ စူရာဘာယာအထိ ဆက်လက်ဖောက်လုပ်မယ့် လမ်းပိုင်း (၇၃၀ ကီလိုမီတာ)ကိုတော့ Japanese International Cooperation Agency ( JICA) က လေ့လာဆန်းစစ်ခဲ့တယ်။ စီမံကိန်းအတွက် ဂျပန်နဲ့ တရုတ်တို့ အဆိုပြုလွှာ တင်သွင်းပြီး ယှဉ်ပြိုင်ခဲ့ကြတယ်။ 

၂၀၁၅ ခုနှစ်မှာ စီမံကိန်းကို တရုတ် ရရှိသွားတယ်။ ဂျပန်ရဲ့ ကမ်းလှမ်းချက်မှာ အတိုးနှုန်းနည်းပါးတဲ့ ချေးငွေကို ဂျပန်က ထောက်ပံ့ပြီး စီမံကိန်းကို အကောင်အထည်ဖော်ဖို့ တင်ပြထားပြီး တရုတ်ကတော့ အစိုးရမှ တရားဝင် အာမခံတဲ့ ချေးငွေ တစ်ခုမှ ရယူခြင်းမပြု၊ အစိုးရထံမှ ရန်ပုံငွေလည်း ထည့်ဝင်ရန် မလိုဘဲ ရထားလမ်းကို ဆောက်လုပ်ပေးမယ်လို့ တင်ပြထားပြီး နောက်တစ်ချက်က ရထားလမ်း ပြီးစီးချိန်ကို တရုတ်က ၂၀၁၉ ခုနှစ်မှာ ပြီးစီးမယ်လို့ တင်ပြခဲ့ပြီး ဂျပန်က ၂၀၂၃ ခုနှစ်မှာ ပြီးစီးမယ်လို့ တင်ပြခဲ့ပါတယ်။ 
 

Infrastructure and Zones Read 474 times