ကမ္ဘာ့အဆင့်တွင်တတိယဈေးအကြီးဆုံးမြို့နှင့် အာရှအဆင့်တွင်ဈေးအကြီးဆုံးမြို့


05 December, 2020

ယူကေအခြေစိုက် အိမ်ခြံမြေ၊ အခြေခံအဆောက်အအုံနှင့် သဘာဝသယံဇာတရေးရာ အတိုင်ပင်ခံဝန်ဆောင်မှုကုမ္ပဏီ Turner & Townsend ၏ ယခုနောက်ဆုံး ထွက်ရှိလာခဲ့သော ၂၀၁၈ ခုနှစ် နိုင်ငံတကာဆောက်လုပ်မှုဈေးကွက်စစ်တမ်း၌ ဟောင်ကောင်က ကမ္ဘာ့အဆင့်တွင် တတိယဈေးအကြီးဆုံးမြို့နှင့် အာရှအဆင့်တွင် ဈေးအကြီးဆုံးမြို့အဖြစ် ဖော်ပြခံခဲ့ရကြောင်း သိရသည်။

           သြဂုတ် ၃ တွင် ထုတ်ပြန်ခဲ့သည့် ၎င်းစစ်တမ်းအား ကမ္ဘာ့ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ၏ လက်ရှိအခြေအနေနှင့် လားရာတို့ကို သိမြင်နိုင်ကြစေရန် နိုင်ငံပေါင်း ၃၃ နိုင်ငံရှိ ကမ္ဘာ့ဈေးကွက် ၄၆ ခု၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ အထိ ဈေးကွက်အချက်အလက်များကို စစ်တမ်းကောက်ယူစုဆောင်း၍ တွက်ချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယခင်နှစ်စစ်တမ်းများတွင် ၄၃ မြို့ကိုသာ လေ့လာခဲ့ရာမှ ယခုနှစ်စစ်တမ်း၌ ဟိုချီမင်းစီးတီး၊ ဂျကာတာနှင့် ရှန်ဟိုင်းတို့အား ထပ်တိုးလေ့လာခဲ့သည်ကို တွေ့ရသည်။အထပ်မြင့်တိုက်ခန်း၊ ရုံးခန်းအဆောက်အအုံတွဲ၊ ကုန်လှောင်ရုံ၊ ဆေးရုံ၊ မူလတန်းနှင့် အလယ်တန်းကျောင်းနှင့် ရှော့ပင်းမောလ်နှင့် ဈေးဝယ်စင်တာ စသည့် မတူညီသော အဆောက်အအုံအမျိုးအစားခြောက်မျိုးအတွက် အမေရိကန်ဒေါ်လာဖြင့် ပျမ်းမျှဆောက်လုပ်မှုကုန်ကျစရိတ်တို့ကို လေ့လာချင့်တွက်ကာ ဆောက်လုပ်ရန် ဈေးအကြီးဆုံးနေရာကို ဖော်ထုတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

           နယူးယောက်တွင် ၂၀၁၇ ခုနှစ်အတွင်း ဆောက်လုပ်ရေးစရိတ်ကျဆင်းခဲ့သော်လည်း ဆောက်လုပ်ရန် ကမ္ဘာ့ဈေးအကြီးဆုံးနေရာကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ (ပျမ်းမျှဆောက်လုပ်မှုကုန်ကျစရိတ် - ၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၃၉၀၀)နည်းပညာကဏ္ဍတွင် ဖွံ့ဖြိုးမှုမြန်နှုန်းမြင့်မှုကြောင့် ကြွယ်ဝချမ်းသာမှုနှင့် ဝယ်လိုအားကောင်းသည့် ဆန်ဖရန်စစ္စကိုက နယူးယောက်ပြီးနောက် ဒုတိယနေရာ၌ ဖော်ပြခံခဲ့ရသည်။ (ပျမ်းမျှဆောက်လုပ်မှုကုန်ကျစရိတ် - ၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၃၇၃၆ ဒသမ ၇)

            ဟောင်ကောင်က ဇူးရစ်ချ်ကို ကျော်ပြီး တတိယနေရာကို တက်လှမ်းလာခဲ့သည်။ (ပျမ်းမျှဆောက်လုပ်မှုကုန်ကျစရိတ် -၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၃၇၀၃ ဒသမ ၉) ဟောင်ကောင်တွင် ဆောက်လုပ်မှုကုန်ကျစရိတ်များ ထပ်မံမြင့်တက်မည်ဟု Turner & Townsend က ခန့်မှန်းထားသည်။ဆောက်လုပ်ရန် ကမ္ဘာ့ဈေးအကြီးဆုံး (၅) မြို့တွင် နံပါတ် ၄ နေရာနှင့် ၅နေရာတို့ကို ဇူးရစ်ချ်နှင့် လန်ဒန်တို့က ပျမ်းမျှဆောက်လုပ်မှုကုန်ကျစရိတ် -၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၃၆၅၂ ဒေါ်လာနှင့် ၃၆၁၇ ဒသမ ၇ ဒေါ်လာတို့ဖြင့် အသီးသီးရရှိခဲ့ကြသည်။

ယင်း၂၀၁၈ ခုနှစ် နိုင်ငံတကာဆောက်လုပ်မှုဈေးကွက်စစ်တမ်းတွင် ဖော်ပြချက်အရ အာရှ၌ ဆောက်လုပ်ရန် ဈေးအကြီးဆုံး ၁၀ နေရာမှာ -

၁။ ဟောင်ကောင် (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၃၇၀၃ ဒသမ ၉)

၂။ တိုကျို (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၂၅၆၀ ဒသမ ၁)

၃။ စင်္ကာပူ (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၂၁၃၇)

၄။ ဆိုးလ် (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၁၆၆၂ ဒသမ ၂)

၅။ ကွာလာလမ်ပူ (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၁၀၃၄ ဒသမ ၅)

၆။ ဂျကာတာ (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၈၈၈ ဒသမ ၉)

၇။ ရှန်ဟိုင်း (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၈၀၇ ဒသမ ၃)

၈။ ပေကျင်း (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၈၀၄ ဒသမ ၇)

၉။ ဟိုချီမင်းစီးတီး (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၇၇၅ ဒသမ ၈)

၁၀။ ဘန်ဂလို (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၆၃၈ ဒသမ ၅) တို့ဖြစ်ကြောင်း သိရပါသည်။

Global Tips Read 32 times