ရင်းနှီးမြှုပ်နှံမှုကန်ဒေါ်လာခုနစ်ဘီလီယံကျော်မှ တစ်ဘီလီယံနှင့်နှစ်ဘီလီယံကြား သို့လျှော့ချခဲ့


06 December, 2020

 ကျောက်ဖြူအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုကို ကန်ဒေါ်လာ ခုနစ်ဘီလီယံကျော်မှ တစ်ဘီလီယံနှင့် နှစ်ဘီလီယံကြားသို့ လျှော့ချခဲ့ကြောင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

           ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ကနဦးရင်းနှီးမြှုပ်နှံငွေသည် ကြီးမားလွန်း၍ အကြွေးထောင်ချောက်မိမည်ကို စိုးရိမ်သည်ဟု ဝေဖန်ပြောဆိုပြီးနောက် ရင်းနှီးမြှုပ်နှံမှုလျှော့ချမည့် ပမာဏကို ပထမအကြိမ် ပြောကြားခြင်းဖြစ်သည်။

‘‘သူ့ရဲ့တန်ဖိုးက ကန်ဒေါ် လာခုနစ်ဘီလီယံကျော် ရှိပါတယ်။ ဒါပေမဲ့ ရေနက်ဆိပ်ကမ်း ထူထောင်တဲ့နေရာမှာ လုပ်ငန်းအောင်မြင်မှလုပ်မယ်။ အဆင့်လိုက်ဆောင်ရွက်သွားမယ်။ အဆင့်လိုက် ဆောင်ရွက်သွားရင် ပထမစစချင်းဆိုရင် တစ်ဘီလီယံနဲ့ နှစ်ဘီလီယံကြားရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးက စပါမယ်။ အဲဒါတွက်ခြေကိုက်ရင် တဖြည်းဖြည်းတိုးချဲ့သွားပါမယ်’’ဟု ဦးအောင်ထူးက ပြောသည်။

           ရှယ်ယာပိုင်ဆိုင်မှုအချိုးသည် မြန်မာဘက်က ၃၀ ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပဏီဘက်က ၇ဝ ရာခိုင်နှုန်းဖြစ်ကြောင်း ဒုဝန်ကြီးက ပြောသည်။

             ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် တရုတ်အစိုးရပိုင်ကုမ္ပဏီနှင့် မြန်မာအစိုးရကြား မူဘောင် သဘောတူညီမှုစာချုပ်ကို လာမည့်စက်တင်ဘာအတွင်း လက်မှတ်ရေးထိုးမည်ဟု ယင်းအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။

            စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းက Nikkei Asian Review သတင်းဌာနနှင့် ဇူလိုင် ၃ ရက် အထူးတွေ့ဆုံမေးမြန်းခန်းတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအရွယ်အစားလျှော့ချရေး တရုတ်ထံ တောင်းဆိုကြိုးပမ်းမည်ဟု ပြောကြား ထားသည်။

‘‘မလိုအပ်တဲ့ ကုန်ကျစရိတ်တွေအားလုံးကို ကျွန်တော်တို့ လျှော့ချသင့်ပါတယ်။ စီမံကိန်းတွေကြီးလေ ပြန်ပေးရဖို့က တာဝန်ပိုကြီးလေပါပဲ’’ဟု ဦးစိုးဝင်းက ပြောသည်။

            မြန်မာဘက်က မည်မျှလျှော့ချလိုသည်ဆိုသောကိစ္စသည် ညှိနှိုင်းမှုအပေါ်မူတည်နေပြီး အတိအကျမပြောနိုင်သေးဟု ဦးစိုးဝင်းက ပြောကြားထားသည်။

            ၂ဝ၁၅ က တရုတ်အစိုးရ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ CITIC အုပ်စု ဦးဆောင်သည့်လုပ်ငန်းစုတစ်ခုက ယင်းဇုန်ကို ဖော်ဆောင်ခွင့်ရရှိခဲ့သည်။

             အဆိုပါ စီမံကိန်းအတွက် ရှယ်ယာအချိုးကို တရုတ်ကုမ္ပဏီက ၇ဝ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဖြစ်သည်။ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းသည် တရုတ်နိုင်ငံ၏ OBOR (ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု)၏ အဓိကကျသည့် အစိတ်အပိုင်းဖြစ်ပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်၏ ထွက်ပေါက် ဖြစ်သည်။

             ထိုစီမံကိန်းသည် အိန္ဒိယသမုဒ္ဒရာဘက် မျက်နှာမူထားသော ကျောက်ဖြူမြို့တွင် အထူးဇုန်တစ်ခု ဖန်တီးရန်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းဖြစ်လာမည့် ယင်းစီမံကိန်း လျာထားမှုတွင် ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းအနီး ဟက်တာ ၁,၀၀၀ ကျယ်သော စက်မှုဇုန်တစ်ခု ပါဝင်မည်ဖြစ်သည်။

Factory and Industrial Plant Read 29 times