နိုင်ငံတကာအဆင့်မီ ရေသန့်စင်စက်ရုံစီမံကိန်းကို ဂျပန်နိုင်ငံအကူအညီဖြင့် တည်ဆောက်သွားမည်


01 March, 2020

အများသုံးရေနှင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေးအတွက် တွံတေးတူးမြောင်းအတွင်းရှိ ရေများကို အဆင့်ဆင့်သန့်စင်ပြီး တစ်နေ့လျှင် ရေဂါလန်(၃.၃)သန်း ဖြန့်ဝေပေးနိုင်မည့် နိုင်ငံတကာ အဆင့်မီ ရေသန့်စင်စက်ရုံ တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံအကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။

 အဆိုပါစီမံကိန်းကို တွံတေးတူးမြောင်း ရေမိုင်(၅.၅)မိုင် ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ပိတ်စွယ်ကျေးရွာအုပ်စု ဘုရားကြီးစု ကျေးရွာအနီးရှိ တူးမြောင်းဘေးတွင် တည်ဆောက်မည်ဖြစ်ပြီး မြေ ၁၈ ဧက ၇၇၈ ဧကကို နိုင်ငံတော်အစိုးရမှ ဝယ်ယူကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ တည်ဆောက်ခြင်းလုပ်ငန်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံ အစိုးရအကူအညီ ယန်း ၄ ဒသမ ၁၇၆ ဘီလီယံဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

 စီမံကိန်းကာလကို ၂၀၂၀ ခုနှစ်မှစတင်ကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်၍ လက်ရှိတွင် ရေပိုက်လိုင်းဆက်သွယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

 ရေသန့်စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို Japan International Cooperation System (JICS) က Agent အဖြစ်ဆောင်ရွက်လျက်ရှိရာ Consultant ရွေးချယ်ပြီး၍ Contractor တင်ဒါခေါ်ယူရန် Tender Documents များပြင်ဆင်လျက်ရှိကြောင်း သိရသည်။

 ရေသန့်စင်မှုအတွက် Raw Water ကို တွံတေးတူးမြောင်းမှ ရယူသွားမည်ဖြစ်ပြီး ရေသန့်စင်စက်ရုံမှ ထုတ်လုပ်နိုင်မှုစွမ်းအားမှာ ဒလမြို့နယ် ရေပေးဝေရေး စနစ်သို့ သောက်သုံးရေပေးဝေရန် ၃ ဒသမ ၃ သန်း နှင့် သောက်ရေသန့်ဗူး ၀ ဒသမ ၀၆၆ သန်း ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်သည်။ ရေသန့်စင်မှုကို Rapid Sand Filtration System (သဲအမြန် ရေစစ်ခြင်း) နည်းပညာကို အသုံးပြုသွားမည်ဖြစ်ပြီး ရေသန့်စင်ခြင်းမှ ထွက်ရှိလာသော အနည်အနှစ်များကို အခြောက်ခံ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ အမှိုက်စွန့်ပစ်မှု စနစ်ရှိ မြေသားဖြည့်ခြင်းတွင် အသုံးပြုသွားမည် ဖြစ်ကြောင်းသိရသည်။

 လက်ရှိအချိန်တွင် တွံတေးမြို့နယ် ရန်ကုန်ပေါက်ရေပေးဝေစခန်းမှ နေ့စဉ်ရေဂါလန် ၁ ဒသမ၂ သန်းကို အချင်း ၂၄ လက်မ ပိုက်လိုင်းဖြင့် မြို့နယ်စည်ပင်သာယာ ရေနှင့်သန့်ရှင်းမှုဌာနရှိ ရေပေးဝေရေးစခန်းသို့ ပို့ဆောင်ပေးပြီး ထိုမှတစ်ဆင့် ဒလမြို့ပေါ်ရှိ ရပ်ကွက် ၂၄ ရပ်ကွက်ရှိ ရေမီတာသုံးစွဲသူ အိမ်ထောင်စုပေါင်း ၄၅၄၉ စုအား ပိုက်လိုင်း စနစ်ဖြင့် အလှည့်ကျ ပေးဝေလျက်ရှိပြီး ကျေးရွာများသို့ ရေပိုက်လိုင်းစနစ်ဖြင့် ဖြန့်ဝေပေးနေခြင်း ရှိကြောင်း သိရသည်။

 အဆိုပါရေသန့်စင်စက်ရုံ တည်ဆောက်ပြီးစီးပါက ဒလမြို့နယ်ရှိ လူဦးရေ ၁ သိန်း ၆ သောင်းကျော်နေထိုင်လျက်ရှိရာ ၆၅ ရာခိုင်နှုန်းကို ဖြန့်ဝေပေးနိုင်မည်ဖြစ်သည့်အပြင် စီမံကိန်းနှင့် ဆစ်ဆက်တည်းရှိသည့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ဒေသခံများကိုပါ အများသုံးရေနှင့် သောက်သုံးရေများကို ပေးဝေနိုင်မည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းတွင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Factory and Industrial Plant Read 47 times