ဒလမြို့နယ် သောက်သုံးရေရှားပါးမှုကို ဖြည့်ဆည်း ပေးနိုင်မည့် နိုင်ငံတကာအဆင့်မီရေသန့်စင်စက်ရုံစီမံကိန်း

01 January, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ သောက်သုံးရေ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် နွေရာသီကာလ ရေရှားပါးမှုမှ ကင်းဝေးစေရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ပိတ်စွယ်ကျေးရွာအုပ်စု၊ ဘုရားကြီးစုကျေးရွာ၌ နိုင်ငံတကာအဆင့်မီ ရေသန့်စင် စက်ရုံစီမံကိန်းကို ၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုအခါ အဆိုပါရေသန့်စင်စက်ရုံ စီမံကိန်းဧရိယာ၌ မြေနေရာပြုပြင်ခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် အချင်း (၆၃၀) မီလီမီတာ (၂၄) လက်မရှိ HDPE Main Transmission ရေသယ်ပိုက်လိုင်းကြီး သွယ်တန်းခြင်း လုပ်ငန်း (၅၀) ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးကြောင်း ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့မှ သိရသည်။

ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အများသုံးရေနှင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေးအတွက် တွံတေးတူးမြောင်းအတွင်းရှိ ရေများကို အဆင့် ဆင့်သန့်စင်ပြီး တစ်နေ့လျှင် ရေဂါလန် (၃.၃)သန်း ဖြန့်ဝေပေးနိုင်မည့် နိုင်ငံတကာအဆင့်မီရေသန့်စင်စက်ရုံ စီမံကိန်းကို ဂျပန်နိုင်ငံ အစိုးရအကူအညီ ဂျပန်ယန်း (၄.၁၇၆)ဘီလီယံဖြင့် တည်ဆောက်သွားမည်ဖြစ်ရာ စီမံကိန်း လုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

" ဒီစီမံကိန်းက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ပြီးစီးဖို့အတွက် ခန့်မှန်းထား ပါတယ်၊ ခုလက်ရှိအချိန်မှာ ဆက်စပ်လုပ်ငန်းအနေနဲ့ ဒလ-တွံတေး ကားလမ်းမကြီး တစ်လျှောက်မှာ ရေသယ်ပိုက်လိုင်းကြီးက အချင်း (၆၃၀) မီလီမီတာ (၂၄)လက်မရှိတဲ့ HDPE Main Transmission ပိုက်အမျိုးအစားနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်၊ လမ်းမကြီးတစ်လျှောက် ကနဖော့ရိုးချောင်းနဲ့ အုန်းပင်ချောင်းတံတား နှစ်စင်းကို ဖြတ်ရတဲ့ နေရာမှာ ဘိုးပိုင်တူးဖော်ပြီး Mild Steel(MS) ပိုက်နဲ့ဆက်ပြီးတော့ ဆောင်ရွက်ပါတယ်၊ ရေသယ်ပိုက်လိုင်းကြီးရဲ့ စုစုပေါင်း အရှည်ပေ (၄၁၅၆၉) ကျော်ရှိတယ်၊ အရှည်ပေ (၁၈၀၀၀) ကျော် ပြီးနေပါပြီ၊ ဆက်လက်ပြီးတော့ ဒလမြို့ပေါ်ထိ ဒီနှစ်မှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ဒီစီမံကိန်းကနေ ရလာတဲ့ ရေကို ကျွန်တော်တို့ ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက် ကနောင်လမ်းမကြီးဘေးမှာရှိတဲ့ ဌာနပိုင် မြေနေရာမှာ (Ground Tank) ဆောက်လုပ်ပြီး ရေတွန်းစက်ဖြင့် ထပ်ဆင့် ဖြန့်ဖြူးပေးမှာ ဖြစ်ပါတယ်၊ ခုချိန်မှာ Soil Test လုပ်ငန်းတွေ ပြီးစီးပါပြီ ” ဟု မြို့နယ် ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့ ဦးစီးအရာရှိ ဦးတိုးတိုးအောင်က ပြောကြားခဲ့သည်။

အဆိုပါ ရေသန့်စင်စက်ရုံကို တွံတေးတူးမြောင်း ရေမိုင်(၅.၅)မိုင် တွံတေး မြို့နယ် ပိတ်စွယ်ကျေးရွာအုပ်စု ဘုရားကြီးစုကျေးရွာအနီးရှိ တူးမြောင်း ဘေးတွင် တည်ဆောက်မည်ဖြစ်ပြီး ရေသန့်စင်မှုအတွက် Raw Water ကို တွံတေးတူးမြောင်းမှ ရယူသွားမည်ဖြစ်သည်။ ရေသန့်စင်စက်ရုံ၏ ထုတ်လုပ် နိုင်မှု စွမ်းအားမှာ ဒလမြို့နယ် ရေပေးဝေရေးစနစ်သို့ (၃.၃) သန်း သောက်သုံးရေပေးဝေနိုင်မည်ဖြစ်သလို၊ တစ်နေ့ကို ရေဂါလန် (၆၆၀၀၀) သောက်ရေသန့် ဖြန့်ဖြူးပေးနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။

Ref; နိုင်လင်းကျော်(ပြန်ဆက်)

Factory and Industrial Plant Read 453 times