နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ချောစက်ရုံကို ပဲခူးတိုင်းတွင် တည်ဆောက်


16 December, 2020

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ချောစက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအသင်း (MRPPA) မှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အဆိုပါ နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ချောစက်ရုံ တည်ဆောက်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအသင်းနှင့် Southland Myanmar Rubber Co.,Ltd မှ တာဝန်ရှိသူများက နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ချော Technical Specified Rubber (TSR) ကို စတင်ထုတ်လုပ်သွားမှာဖြစ်ပြီး Ribbed Smoked Sheet (RSS) ကိုလည်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ရော်ဘာစိုက်ပျိုးသူ (၈၅) ရာခိုင်နှုန်းနှင့် လူဦးရေ (၁၀၀၀) ခန့်အတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေမည့် စီမံကိန်းကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအသင်း (MRPPA) မှ သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ချောစက်ရုံအား သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး စီမံဆောင်ရွက်မည့် အစီအမံများနှင့် ထုတ်လုပ်မည့် အစီအစဉ်များ၊ ရရှိမည့် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဈေးကွက်အခြေအနေများကို ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြသည်။

ထို့ပြင် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများနှင့် စက်ရုံအကြားဈေးကွက် အာမခံရရှိရေးအတွက် စီမံဆောင်ရွက်သင့်သည်များ၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် သတိပြုလိုက်နာ ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မြန်မာ့ရော်ဘာအဆင့်အတန်း ပြည့်မီစွာဖြင့် ပြည်ပဈေးကွက်တွင် ဈေးကောင်းရရှိရေး ပူးပေါင်းဆောင်ရွက်သွားရမည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

Infrastructure and Zones Read 149 times