ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန်မီးရထားခုံးကျော်တံတားမှ ထပ်မံတည်ဆောက်နေသည့် တံတားလမ်းခွဲအသစ်ကို ဇန်နဝါရီ ၄ ရက်(လွတ်လပ်ရေးနေ့)တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၅ ရက်က သိရသည်။
“ပင်မ အင်းစိန်မီးရထားခုံးကျော်တံတားကြီးကနေ ဖြာထွက်သွားမယ့် လမ်းခွဲတံတားအသစ်ကို လာမယ့် လွတ်လပ်ရေးနေ့မှာ ဖွင့်ဖို့ရည်ရွယ်ထားပါတယ်” ဟု အင်းစိန်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောသည်။
ယင်းတံတားလမ်းခွဲအသစ်ကို မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာနက ကြီးကြပ်၍ အေဝမ်း ဆောက် လုပ်ရေးကုမ္ပဏီက တာ၀န်ယူတည်ဆောက်နေခြင်းဖြစ်သည်။ အင်းစိန်မီးရထားခုံးကျော် မူလတံတားအဟောင်းကို ၁၉၈၉ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မြို့တွင်းယာဉ်များ ပိုမို သွားလာမှုများ ပြားလာခြင်းကြောင့် ပင်မတံတားကြီးကို ၂၀၁၅ ခုနှစ်က ပြန်လည်တိုးချဲ့ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုတံတားလမ်းခွဲအသစ်ကို ၂၀၁၉ ခုနှစ်က စတင်၍ တိုးချဲ့တည်ဆောက်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့အတွက် အင်းစိန်မီးရထားခုံးကျော်တံတားမှာ ပင်မတံတားကြီးမှနေ၍ ဘယ်ညာလမ်း နှစ်လမ်းဖြင့် လမ်းကွန်ရက်များ ပြည့်စုံစွာ မြို့တွင်းခရီး ဆက်သွယ်မှုများ ပိုမိုအဆင်ပြေချောမွေ့လာတော့ မည်ဖြစ်သည်။
ပင်မတံတားကြီးမှာ အင်းစိန်မြို့နယ်အတွင်း လမ်းသစ်လမ်းမှသည် ပြည်လမ်းဘက်ဆီသို့ ခရီးပေါက်နိုင်မည်ဖြစ်ပြီး ပထမလမ်းခွဲတံတားသည် အင်းစိန်မြို့နယ်အတွင်း ပန်းခြံနှင့်ဘောလုံးကွင်း အနီးမှ ဖြတ်သန်း၍ ရှေ့ခရီးဆက်နိုင်သော လမ်းဖြစ်သည်။ ယခု အသစ်ထပ်မံ ဖြည့်စွက်တည်ဆောက်နေသော တံတားလမ်းခွဲအသစ်မှာ အင်းစိန်မြို့နယ်အတွင်း မင်းကြီးလမ်းမှနေ၍ ဗဟိုလမ်းအထိတိုင်ရောက်နိုင်သော လမ်းဖြစ်သည်။ တံတားလမ်းခွဲအသစ်တစ်စင်း ထပ်မံဖြည့်စွက် တည်ဆောက်ရခြင်းမှာ အင်းစိန်ပေါက်တောဘက်မှ အလာများပြားသော မော်တော်ယာဉ်များ သွားလာမှုပိုမိုအဆင်ပြေစေရန်အတွက်ဖြစ်သည်ဟု သိရသည်။
လက်ရှိအခြေအနေအရ အင်းစိန်မြို့နယ်အတွင်းရှိ စုပေါင်းရုံး၊ အင်းစိန်ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံကြီး၊ အ ထ က(၁)၊ မြို့နယ်ခန်းမ စသည်တို့မှနေပြီး ကွေ့၍မောင်းနှင်နေရသောကြောင့် ပိုမိုအဆင်ပြေစေရန်နှင့် အချိန် အလဟဿကုန်ဆုံးနေရခြင်းတို့မှ ဖြေလျှော့နိုင်ရန်အတွက် ဖြစ်သည်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က “အဓိကကတော့ အရင်တုန်းက ဂငယ်ကွေ့ကွေ့နေရတဲ့ယာဉ်ကြောပိတ်နေတဲ့နေရာမှာ ကွေ့မသွားရတော့ ပိုအဆင်ပြေသွားနိုင်တာပေါ့ ဟု ရှင်းပြသည်။
ထပ်မံတည်ဆောက် ဖွင့်လှစ်တော့မည့် တံတားလမ်းခွဲအသစ်မှာ ပင်မတံတားအရှည် ၄၄၁ ပေရှိမည် ဖြစ်ပြီး အောက်ခြေကားလမ်းမှ ပေ ၂၀ အမြင့်တွင် တည်ဆောက်ထား၍ တံတားခံနိုင်၀န်မှာ တန် ၇၀ ဖြစ်သည်ဟု သိရသည်။
MDN