ကျပ်သန်း ၁၉၀၀ ဖြင့် တည်ဆောက်ခဲ့သည့်   အင်းစိန်ရထားလမ်း ခုံးကျော်တံတား ဖွင့်လှစ်

04 January, 2021

 အင်းစိန်ရထားလမ်း ခုံးကျော်တံတား အမှတ်(၂) (မင်းကြီးလမ်းလက်တက်တံတား) ကို ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၁၉၀၀ ဖြင့် ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး တံတားသည် အရှည် ၄၄၁ ပေ ၊ အကျယ် ၂၂  ပေ၊ လူသွားလမ်း တစ်ဖက်လျှင် သုံးပေ အပါအဝင် တံတားခံနိုင်ဝန် တန် ၇၀၊    တစ်လမ်းသွား သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ကာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၃၀ ရက်တွင် တည်ဆောက် ပြီးစီးခဲ့သည်။ ဆက်လက်၍ မြေပြင်ပြုပြင်ခြင်း၊ မီးအလှဆင်ခြင်း၊ ဆေးသုတ်ခြင်း စသည့် အချောသတ် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ  ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက တာဝန်ယူတည်ဆောက်ခဲ့သည်။ 

ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အဆိုပါတံတားသစ်၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြခဲ့ကြပြီး  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တာဝန်ရှိသူတို့က အင်းစိန်ရထားလမ်း ခုံးကျော်တံတား အမှတ် (၂) (မင်းကြီးလမ်း လက်တက်တံတား) ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး ကမ္ပည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

MDN

 

Local Infrastructure and Zones Read 423 times