စနစ်တကျမရှိသေးသည့် တန်ဖိုးနည်းအိမ်ရာ


05 December, 2020

 အမှန်တကယ် အိမ်လိုအပ်နေသူများအတွက် အစိုးရက အိမ်ရာများတည်ဆောက်ပြီး နှစ်ရှည်အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသော်လည်းအဆိုပါစီမံကိန်းများသည် ပိုက်ဆံရှိသူများ၊ ဌာနဆိုင်ရာများနှင့် နီးစပ်သူများအတွက် စီးပွားရေးအကွက်အကွင်းတစ်ခုကဲ့သို့ ဖြစ်နေကြောင်း ရွှေလင်ပန်းအိမ်ရာတွင် အငှားနေထိုင်ကြသူများက ဆိုသည်။

ရွှေလင်ပန်းအိမ်ရာတွင် တစ်လလျှင် အိမ်ငှားခ ကျပ်၁၂ဝဝဝဝ ပေးပြီးသုံးနှစ်နေထိုင်လာသူ ဒေါ်စိုးက အိမ်ရာ ဝယ်ယူနိုင်ရန် မျှော်လင့်ချက်ဖြင့် လျှောက်လွှာခေါ်ယူသည့် အခါတိုင်း သွားရောက်လျှောက်ထားခဲ့သည်မှာ ငါးကြိမ်ခန့် ရှိနေသော်လည်း ယခုချိန်ထိ ဝယ်ခွင့်မရသေးကြောင်း ပြောပြသည်။

"လျှောက်လွှာခေါ်တိုင်း အမြဲသွားလျှောက်တယ်၊ ခုထိတော့ နာမည်စာရင်းထဲ ပါမလာသေးဘူး၊ ငှားနေနေရ တုန်းပဲ"

ဟု ဒေါ်စိုးက ဆိုသည်။

          ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အိမ်ရာကြီးကြပ်ရေးကော်မတီမှ သတ်မှတ်စည်းကမ်းများနှင့်အညီ မဲနှိုက် ရွေးချယ်ချထားပေးပြီး အကြောင်းတစ်ခုခုကြောင့် သတ်မှတ်ချက်နှင့်မကိုက်ညီဘဲ ကျန်ရစ်ခဲ့သည့် လျှောက်လွှာများကို ထပ်မံရောင်းချပေးမည့် အိမ်ရာများတွင် မဲနှိုက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှုဦးယုခိုင်က ဆိုသည်။ထို့ပြင် မဲပေါက်ပြီး သတ်မှတ်ရက်အတွင်း ဝယ်ယူရန်တစ်စုံတစ်ခု အခက်အခဲရှိ၍သော်လည်းကောင်း၊ အခန်း နေရာမကြိုက်၍သော်လည်းကောင်း မဝယ်ယူလိုသူများ၊ နောက်ထပ်တစ်ကြိမ် လျှောက်ထားလိုသူများကို တန်းစီ ဇယား၏ နောက်ဆုံးတွင်ထားရှိပြီး နောက်တစ်ကြိမ်မှသာတန်းစီစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

"ချထားပေးတဲ့အိမ်ကို မလိုချင်ဘူးဆိုရင် နောက်ထပ် ထပ်စောင့်လို့ရတယ်။ စာရင်းထဲကတော့ မဖျက်ဘူး၊ ရှေ့ကလူတွေ လွတ်တဲ့နေရာတွေမှာ နောက်ကသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူတွေကို တန်းစီစနစ်နဲ့ နေရာချထားပေးသွားမယ်"

ဟု ဦးယုခိုင်က ပြောသည်။

          မိသားစု ဝင်ငွေငါးသိန်းနှင့်အထက်ရှိသူများကို တန်ဖိုးနည်းအိမ်ရာ မရောင်းပေးဘဲ တန်ဖိုးမျှတအိမ်ရာများကို သာရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း အိုးအိမ်ဦးစီး ဌာနမှ သိရသည်။

"ဝင်ငွေနည်းပြီး တကယ်အိမ်လိုတဲ့သူတွေအတွက် အခွင့်အရေးပိုရအောင်လို့ ဝင်ငွေ ငါးသိန်းနဲ့အထက်ရှိတဲ့ သူတွေကို တန်ဖိုးနည်းအိမ်ရာ မရောင်းပေးတာပါ"

ဟု ဦးယုခိုင်က ဆိုသည်။

          အစိုးရက ရောင်းချပေးသော တန်ဖိုးနည်းအိမ်ရာများကို ငါးနှစ်အတွင်း ပြန်လည်ရောင်းချခြင်းမပြုရဟု ကန့်သတ်ထားသော်လည်း လက်ရှိအနေအထားအရ ယနေ့မဲပေါက်ပြီးသည်နှင့် ပွဲစားလက်ထဲရောက်ပြီး တစ်ဆင့်ပြန်ရောင်းချခြင်းများကိုလည်း အများအပြား တွေ့မြင်လာရသည်။အိမ်ရာများကို တစ်ဆင့်ပြန်လည်ရောင်းချခြင်း၊ ငှားရမ်းခြင်းများ ပြုလုပ်သူများကို လာရောက်တိုင်ကြားနိုင်ပြီး ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ဦးယုခိုင်က ဆိုသည်။

"စနစ်တကျနေထိုင်နိုင်အောင် ဆောင်ရွက်ပေးနေ တယ်၊ စနစ်တကျမနေဘဲ ငှားတာ၊ ရောင်းတာတွေလုပ်လာ မယ်ဆိုရင် အစိုးရအဖွဲ့နဲ့တိုင်ပင်ပြီး အရေးယူဆောင်ရွက်သွားမှာပါ"

ဟု ဦးယုခိုင်က ဆိုသည်။

          ရန်ကုန်မြို့ရှိ တန်ဖိုးနည်းအိမ်ရာများသာမက မန္တလေး တိုင်းအတွင်းရှိ တန်ဖိုးနည်းအိမ်ရာများတွင်လည်း အလား တူပြဿနာများ အများအပြားရှိနေကြောင်း၊ တိုင်ကြားသူရှိပါက အရေးယူသော်လည်း ရောင်းသူဝယ်သူ နှစ်ဖက် အဆင်ပြေနေပြီး တိုင်ကြားသူမရှိသောကြောင့် အခုချိန်ထိ အရေးယူမှုမရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး မြရည်နန္ဒာအိမ်ရာတွင် နေထိုင်သော မယဉ်မျိုးသွယ်က ဆိုသည်။

"လက်သင့်ရာ ရောင်းချနေကြတဲ့ အိမ်ရာတွေမှာ လူပေါင်းစုံရောက်လာနေကြပြီး ခိုးမှုတွေလည်း မကြာခဏ ဖြစ်နေတယ်"

ဟု မယဉ်မျိုးသွယ်က ပြောသည်။

အစိုးရအနေဖြင့် ပြည်သူများအတွက် တန်ဖိုးနည်း အိမ်ရာများကို နှစ်စဉ်စီမံကိန်းရေးဆွဲပြီး အများအပြားတည်ဆောက်နေသော်လည်း အမှန်တကယ် အိမ်ရာလို အပ်နေသူများလက်ထဲသို့ ရောက်မရောက်ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ရွှေပေါက်ကံအိမ်ရာ တွင် နေထိုင်သူ ဦးတင်ထွဋ်က ဆိုသည်။

"အိမ်ရာမရှိတဲ့သူတွေက မရှိပြီးရင်းမရှိရင်းဖြစ်ပြီး ဒီအိမ်ရာတွေကို အခြေခံပြီး စီးပွားရေးလုပ်နေတဲ့သူတွေ အတွက်လည်း စီးပွားရေးလုပ်ငန်းကြီးတစ်ခုလို ဖြစ်နေ တယ်"

ဟု ၎င်းကပြောသည်။

          အစိုးရက ရောင်းချပေးသည့် တန်ဖိုးမျှတအိမ်ရာတစ်ခု ဖြစ်သော ရွှေပေါက်ကံအိမ်ရာသည် အငြိမ်းစားဝန်ထမ်း များအတွက် အဓိကထားရောင်းချပေးခြင်းဖြစ်သော်လည်း အဆိုပါအိမ်ရာထဲတွင် ကိုယ်တိုင်လျှောက်လွှာတင်ပြီးမဲပေါက်၍ ဝယ်ယူနေထိုင်သူများထက် အငှားနေထိုင်သူများနှင့် တစ်ဆင့်ပြန်လည် ဝယ်ယူနေထိုင်သူ ပိုများကြောင်း ရွှေပေါက်ကံအိမ်ရာတွင် နေထိုင်သူ အငြိမ်းစားဝန်ထမ်း ဦးမြင့်စိုးက ပြောသည်။

"ရွှေပေါက်ကံစက်မှုဇုန်နဲ့ နီးတဲ့အတွက် စက်ရုံက အလုပ်သမားတွေ အဆောင်သဘောမျိုး လာငှားနေကြတာတွေရှိတယ်"

ဟု ဦးမြင့်စိုးက ဆိုသည်။

          ရွှေလင်ပန်းအိမ်ရာဝင်းအတွင်း နေထိုင်ကြသူများတွင် ၉၀ ရာခိုင်နှုန်းခန့်မှာ တစ်ဆင့်ပြန်ဝယ်ထားသူနှင့် အိမ်ငှားများပင်ဖြစ်သည်။ တစ်ဆင့်ပြန်ဝယ်ထားသူများသည် တိုက်ခန်းမူလတန်ဖိုးအပြင် ငွေကျပ် သိန်း ၄ဝ မှ သိန်း ၈ဝ ထိ အမြတ်ငွေ ထပ်ပေးဝယ်ရကြောင်း အိမ်ရာဝင်းအတွင်း နေထိုင်သူများက ဆိုသည်။တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများမှာ ခြောက်ခန်းတွဲလေးထပ်ပုံစံဖြစ်ပြီး အချို့ကို သံဖရိန်နဲ့ တည်ဆောက်ထား ကာ အချို့မှာ အုတ်ဖြင့် တည်ဆောက်ထားသော အာရ်စီ အဆောက်အအုံများဖြစ်သည်။

          ရွှေလင်ပန်းအိမ်ရာမှ အိမ်ငှားခများမှာ မြေညီထပ်ဖြစ်ပါက ငွေကျပ် ၁၂၀ဝဝဝ မှစကာ အပေါ်ထပ်များမှာ ငွေကျပ် ၇၀ဝဝဝ၊ ၈၀çဝဝဝ စသဖြင့် ဈေးနှုန်းအသီးသီးရှိကြသည်။ မြေညီထပ်တွင် နေထိုင်သူတစ်ယောက်သည် အိမ်လခအပြင် ရေဖိုး၊ မီးဖိုး၊ လုံခြုံရေးစရိတ်၊ သန့်ရှင်းရေးစရိတ်များဖြင့် စုစုပေါင်းငွေကျပ် တစ်သိန်းခွဲခန့် လစဉ်ပေးဆောင်နေရကြောင်း အဆိုပါအိမ်ရာဝင်းအတွင်း နေထိုင်သူ မပုံ့ပုံ့ဝင်းက ဆိုသည်။

"တန်ဖိုးနည်းအိမ်ရာမဟုတ်ဘူး၊ တန်ဖိုးများအိမ်ရာပဲ၊ စရိတ်က အရမ်းကြီးလွန်းတယ်၊ အရပ်ထဲငှားနေတာထက် နည်းနည်းပိုကောင်းလို့ လာနေတာပဲရှိတယ်၊ စိတ်ညစ်ရတာက အတူတူပဲ"

လို့ မပုံ့ပုံ့ဝင်းက ဆိုပါတယ်။

          အစိုးရမှ ရောင်းချပေးသည့် တန်ဖိုးနည်း/သင့်အိမ်ရာများတွင် နေထိုင်သူများသည် အကြောင်းတစ်စုံတစ်ခု ကြောင့် အဆိုပါအိမ်ခန်းကို ပြန်လည်ရောင်းချလိုပါက အိမ်ရာကြီးကြပ်ရေးကော်မတီမှ ရောင်းချပေးခဲ့သည့် ဈေးအတိုင်း ပြန်လည်ဝယ်ယူပေးမည်ဖြစ်ပြီး မိမိသဘောအတိုင်း ရောင်းချ၍မရကြောင်းလည်း ဦးယုခိုင်ကဆိုသည်။

"ပြန်ရောင်းချင်ရင် ကျွန်တော်တို့က ပြန်ဝယ်ပေးမယ်၊ နောက်ဝယ်မယ့်သူလာတဲ့အထိတော့ ခဏစောင့်ရမယ်၊ အိမ်က ပြန်ရောင်းဖို့ခက်အောင် ပျက်စီးနေရင် အိမ်တန်ဖိုးထဲက ပြန်ပြင်ဆင်ခကိုနှုတ်ပြီးမှ ငွေပြန်အမ်းမယ်"

ဟု ဦးယုခိုင်က ဆိုသည်။

          တစ်ဆင့်ပြန်လည်ရောင်းချသူများကို တိုင်ကြားလိုပါက အိုးအိမ်ဦးစီးဌာနရုံးများမှ ကြေငြာထားသော ဆက်သွယ် ရန် ဖုန်းနံပါတ်များအတိုင်း တိုင်ကြားနိုင်ကြောင်း၊ တာဝန်ရှိသူများမှ ဖြေရှင်းပေးနေကြောင်းလည်း အိုးအိမ်ဦးစီးဌာနမှ သိရသည်။ တိုင်တန်းမှုရှိလာပါက ချက်ချင်းသွား ရောက်စစ်ဆေးပြီး အရေးယူခြင်းများ ပြုလုပ်သွားမည်ဟု ဆိုသည်။လက်ရှိအချိန်ထိ အစိုးရမှ တန်ဖိုးနည်းအိမ်ရာ ၃ဝဝဝကျော် ရောင်းချပေးပြီးဖြစ်ကာ တန်ဖိုးသင့်အိမ်ရာ ၂၆ဝဝဝ ကျော် တည်ဆောက် ရောင်းချပေးပြီးဖြစ်ကြောင်း၊ ပြီးခဲ့သည့်ကာလအထိ တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် လုံးချင်းအိမ်ရာ အခန်း စုစုပေါင်း ၅၆ဝဝဝ ခန့် ရေရောင်းချပြီးဖြစ်ကြောင်း ဦးယုခိုင်၏ပြောပြချက်အရ သိရသည်။

Local Public Housing Read 111 times